Home
မြန်မာသတင်း
ဆွမ်ပရာဘွမ်အနီး တပ်စခန်းကုန်းကို  KIA ပူးပေါင်းတပ်များ ဆက်လက်တိုက်ခိုက်နေ
DVB
·
March 20, 2024
Kia 2032024

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့အနီးက စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA)နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေက ဆက်လက်တိုက်ခိုက်နေတာမှာ စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက် ခုခံနေပြီး စခန်းသိမ်းနိုင်ခြင်း မရှိသေးဘူးလို့ တော်လှန်ရေးတပ်တွေဘက်က ပြောပါတယ်။

ခလရ ၄၇ တပ်ရင်းမှူးထိုင်တဲ့ စစ်ကောင်စီတပ်စခန်းကို  မတ် ၁၄ ရက်ကစပြီး ဝင်ရောက် တိုက်ခိုက်နေတာဖြစ်ပြီး ဒီနေ့အထိ  စခန်းမသိမ်းနိုင်သေးဘူးလို့ ဆွမ်ပရာဘွမ်မြို့နယ်က KPDF တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

KPDF တပ်ဖွဲ့ဝင်တယောက်က“စခန်းတော့ မသိမ်းနိုင်သေးဘူး ဖြစ်နေတယ်။ တိုက်တာက နေ့တိုင်း တိုက်နေတုန်းပဲ။ သူတို့ ရှုံးလာရင် လေယာဉ်က ရောက်ရောက်လာတယ်။ ပြန်ပြီး နောက်ဆုတ်နေရတယ်။ လေယာဉ်ကလည်း တခါလာရင် ၃ နာရီလောက်ဝဲပြီး ပစ်နေတာ” လို့ ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးပစ်ကူတွေပါ အသုံးပြုနေသလို စစ်အင်အားတွေလည်း အများကြီး ထပ်ဖြည့်ထားတယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကို စခန်းသိမ်းတိုက်ပွဲ စတင်တဲ့နေ့ကစပြီး နေ့စဉ် ပစ်ကူပေးနေတယ်လို့ သိရပါတယ်။

အခုတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်စခန်းဟာ ဆွမ်ပရာဘွမ်မှာ ဗျူဟာကျတဲ့ တပ်စခန်းဖြစ်ပြီး အပြင်းအထန် ခုခံနေတယ်လို့ KPDF တပ်ဖွဲ့ဝင်က ပြောပါတယ်။

“အခုတိုက်နေတဲ့နေရာက ဗျူဟာကျတယ်။ အဲစခန်းရပြီဆိုရင် ဆွမ်ပရာဘွမ်က အားလုံးရပြီလို့ ပြောလို့ရမယ်။ မလိယာန်ဘက်မှာ တခုပဲကျန်မယ်။ အဲဒါကြောင့်လည်း အပြင်းအထန် ခုခံနေတာဖြစ်မယ်။”

ဆွမ်ပရာဘွမ်မြို့ကိုတော့ မတ် ၁၆ ရက်က သိမ်းပိုက်ထားနိုင်ပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရှောင်တိမ်းဖို့အတွက်‌ ပြည်သူတွေ တောတောင်တွေမှာ တိမ်းရှောင်နေရပါတယ်။

ကချင်ပြည်နယ်မှာ မြစ်ကြီးနားမြို့နယ်ထဲက ဆင်ဘို ခလရ ၁၄၁ ကို KIA/KPDF ပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်ထိုးစစ်ဆင်နေသလို လိုင်ဇာအနီးက နဖော့တပ်စခန်းတွေကိုလည်း KIA က တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013