Home
မြန်မာသတင်း
မြိတ်မြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးများ စစ်မှုထမ်းဥပဒေအကြောင်းပြပြီး ငွေကြေးတောင်းခံနေ
DVB
·
March 20, 2024
myeik 2032024

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်အတွင်းရှိ အလယ်ချောင်းကျေးရွာအုပ်စုနဲ့ ကျောက်ဖျာကျေးရွာအုပ်စု တွေမှာ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ငွေကြေးတောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ တတိယပတ်လောက်ကနေစပြီး မြိတ်မြို့နယ်မှာ စစ်မှုထမ်းဆောင်ဖို့အတွက် အုပ်ချုပ်ရေးမှူတွေကနေ အိမ်ထောင်စုစာရင်းလိုက်ကောက်ပြီး မဲနှိုက်ခိုင်းကာ မဲပေါက်သူတွေကို စစ်မှုထမ်းဖို့အတွက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“ကျောက်ဖျာကျေးရွာမှာတော့ မဲပေါက်တဲ့အိမ်ကို အုပ်ချုပ်ရေးမှူးတွေက ပိုက်ဆံ ၄ သိန်းတောင်းတယ်။ မဲမပေါက်တဲ့ အိမ်တွေကျတော့ ပိုက်ဆံ ၇ သောင်းတောင်းတယ်။ သူတို့တောင်းလည်းပေးရမှာပဲ။ အများစုက စစ်မှုမထမ်းချင်ကြတော့ ပိုက်ဆံပေးရတာပဲ” လို့ အမည်မဖော်လိုသူ ရွာသားတယောက်က ပြောပါတယ်။

အဆိုပါကျောက်ဖျာကျေးရွာမှာ စစ်မှုထမ်းဖို့အတွက် သွားလိုတဲ့သူတွေရှိပြီး လူအစားလိုက်ပေးပါက ကျပ်ငွေသိန်း ၁၇၀ အထိ ဈေးပေါက်နေတယ်လို့ ရွာသားတွေဆီမှ သိရပါတယ်။

ဒေသခံတယောက်က “အလယ်ချောင်းကျေးရွာအုပ်စုထဲက တချို့ကျေးရွာတွေမှာ စစ်မှုမထမ်းချင်ရင် အုပ်ချုပ်ရေးမှူးကို ပိုက်ဆံပေးရတာရှိတယ်။ နောက်ပြီး လူအစားထိုးလိုက်ရင် သိန်း ၂၀ နီးပါး ဈေးပေါက်တယ်။ ကျောက်ဖျာရွာမှာက သိန်း ၁၇၀ ပေါက်တယ်။ အလယ်ချောင်းကျေးရွာအုပ်စုထဲက ရွာကတော့ သိန်း ၂၀ ပေါက်တယ်။ စျေးက အစားထိုးလိုက်မယ့်သူအပေါ်မူတည်ပြီး ကွဲသွားတာပါဗျ” လို့ ပြောပါတယ်။

“ရွာသားတွေကတော့ စစ်မှုမထမ်းရရင်ရပြီ။ ကြေးပြား(ပိုက်ဆံ)ရှာပေးမယ်။ ဒုက္ခဖြစ်ချင်ဖြစ် ရှာပေးမယ်။ အခုအခြေအနေကတော့ အုပ်ချုပ်ရေးမှူးတွေရဲ့ လုပ်စားခွင်မျိုးဖြစ်နေတယ်”လို့ အမည်းမဖော်လိုသူ အမျိုးသားတယောက်က ပြောပါတယ်။

မြိတ်မြို့နယ်၊ အလယ်ချောင်းကျေးရွာအုပ်စုမှာ အိမ်ခြေ ၇၀၀ ဝန်းကျင်နဲ့ ကျောက်ဖျာကျေးရွာအုပ်စုမှာတော့ အိမ်ခြေ ၁၀၀၀ နီးပါးအထိရှိနိုင်တယ်လို့ ရွာသားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မြိတ်မြို့အတွင်းရှိ ရပ်ကွက်တချို့မှာလည်း စစ်မှုထမ်းဖို့အတွက် ရာအိမ်မှူးတွေက မဲနှိုက်ခိုင်းပြီး မဲပေါက်သူတွေကို ချက်ချင်းဆင့်ခေါ်ခိုင်းနေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013