ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ မူဆယ်မြို့မှာ ပြန်ပေးဆွဲခံရလို့ ဆိုင်အများအပြား ပိတ်ထားရပြီး မတ် ၁၇ ရက်ကလည်း ၄၅ ကုန်းက ကလေးငယ်နှစ်ယောက် ပြန်ပေးဆွဲခံထားရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
နယ်စပ်ကုန်သည်လုပ်ငန်းရှင်တယောက်က “မူဆယ်မှာရှိတဲ့ ဆိုင်တော်တော်များများက ဆိုင်ရှင်တွေကို လိုက်ဖမ်း (ပြန်ပေးဆွဲဖို့) နေတဲ့ အတွက်ကြောင့် ဆိုင်ရှင်တွေက တိမ်းရှောင်နေပြီး ဈေးဆိုင်တွေလည်း မဖွင့်ရဲဘူး။ အဲလိုကြီး ဖြစ်နေတယ်။ ဒါတွေအားလုံးက စစ်တပ်ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာပဲ ဖြစ်နေတာ။ လားရှိုးမှာပဲ အဲလို အလားတူဖြစ်ရပ်တွေ အများကြီးဖြစ်နေတယ်” လို့ ပြောပါတယ်။
မူဆယ်မှာ မတ် ၁၇ ရက်ကလည်း ၄၅ ကုန်းက ကြက်သားဆိုင်ပိုင်ရှင်ရဲ့ ၁၃/၁၄ နှစ်ခန့်အရွယ်နဲ့ ၁၀ နှစ်အရွယ် ကလေးနှစ်ယောက်ကို ပြန်ပေးဆွဲသွားပြီး ငွေဘယ်လောက်နဲ့ ပြန်ရွေးခိုင်းတယ် ဆိုတာတော့ မသိဘူးလို့ သူက ပြောပါတယ်။
မတ် ၁၇ ရက် ညမှာပဲ မူဆယ်၊ ပန်လုံ ၂ လမ်းနဲ့ ၃ လမ်းကြားက တွင်းစတားဟိုတယ် နောက်ကြောမှာလည်း ပြန်ပေးဆွဲတာလား၊ ဓားပြတိုက်တာလား မသိဘူး ကားပေါ်တင်သွားတာ တွေ့တယ်လို့ ဆိုပါတယ်။
ပြန်ပေးဆွဲခံရတဲ့ မိသားစုတခုမှ အမျိုးသမီးတဦးက “တူလေးတွေကို ပြန်ပေးဆွဲသွားတယ်။ ပြန်ပေးဆွဲသွားတဲ့လူတွေကို ပေးဖို့ ငွေအရမ်း အခက်အခဲ ဖြစ်နေတယ်” လို့ ပြောပါတယ်။
ဒီရက်ပိုင်းအတွင်းမှာပဲ မူဆယ် ဟိုမွန်ရပ်ကွက်ထဲက အိမ်ငှားနေထိုင်ပြီး ဈေးရောင်းတဲ့ မိသားစုတစု နေထိုင်တဲ့ နေအိမ်မှာလည်း ကလေးတဦးကို ပြန်ပေးဆွဲဖို့ လာဖမ်းခေါ်ရာက ကလေးမပေးလို့ နေအိမ်မှာရှိတဲ့ ရွှေ၊ ကျောက်စိမ်းတွေနဲ့ ငွေ သိန်း ၇,၀၀၀ ခန့် မွှေနှောက် ယူဆောင်သွားတယ်လို့ သူကပြောပါတယ်။
“ကျမ ဈေးရောင်းတဲ့ ဘုရားကျောင်းရဲ့ မျက်စောင်းထိုးမှာ အိမ်ငှားနေတဲ့ အိမ်မှာလည်း အရင်နေ့ မနက် ၈ နာရီခွဲလောက်က လာပြန်ပေးဆွဲတယ်လေ။ သိတဲ့လူတွေပဲနေမှာ။ သူ့အမျိုးသား ကျောက်စိမ်းရောင်းထားတဲ့ ပိုက်ဆံ သိန်း ၇,၀၀၀ လောက် ပါသွားတယ်တဲ့။ ရွှေရော၊ ကျောက်စိမ်းရော၊ ပိုက်ဆံရော အကုန်ယူသွားတယ်။ အပြင်မှာ ကားထဲမှာ လူသုံးယောက်လောက် ရှိနေတာ။ အိမ်ထဲတော့ နှစ်ယောက်ဝင်ပြီး ကလေးကို ခေါ်သွားမယ်လို့ ပြောတာ။ သူ့ယောက်ျားက အရမ်းကြောက်လို့ ကလေးကိုတော့ ခေါ်မသွားနဲ့၊ နင်တို့လိုချင်တာ အကုန်ယူသွားလို့ ပြောတာတဲ့။ တအိမ်လုံး ပြောင်အောင် မွှေနှောက်ယူသွားတာတဲ့” လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
မူဆယ်က ယမင်းစတိုး၊ နမ္မတူနွားခြံ၊ ၉၉၉ ဖုန်းဆိုင်၊ ထွန်းစတားကုန်ဂိတ်၊ သံတိုသံစ ရောင်းဝယ်ရေးပါမကျန် တချို့ဆိုင်အများအပြား ပြန်ပေးဆွဲခံနေရပြီး နေ့တိုင်းနီးပါး ပြန်ပေးဆွဲမှုဖြစ်လို့ မလုံခြုံတော့ဘဲ ဆိုင်ကြီးတွေဆိုရင် နှစ်ကြိမ်၊ သုံးကြိမ် ပြန်ပေးဆွဲခံနေရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
မူဆယ်က ဆိုင်ရှင်၊ လုပ်ငန်းရှင်၊ သူဌေးတွေ အားလုံးနီးပါး ပြန်ပေးဆွဲခံရတဲ့အပြင် အသက်အန္တရာယ်ပါ စိုးရိမ်နေရတာကြောင့် မန္တလေးလို မြို့ကြီးတွေဘက်နဲ့ အများစုကတော့ တရုတ်ဘက်မှာ ရှောင်တိမ်းနေထိုင်နေကြရတယ်လို့ နယ်စပ်ဒေသခံတွေက ပြောပါတယ်။