မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ မတ် ၁၉ ရက် ညနေက စစ်ကောင်စီ ပြည်သူ့စစ်မှုထမ်း ဥပဒေအတွက် လူလိုက်လံစုဆောင်းနေသူ အုပ်ချုပ်ရေးမှူးတယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဟာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးက ပြန်လာစဉ် လမ်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတာလို့ ဆိုပါတယ်။
ဒေသခံအမျိုးသားတဦးက “ညနေ ၆ နာရီလောက်က ထွေအုပ်ရုံးမှာ စစ်မှုထမ်းဖို့ လူစာရင်း သွားပေးတယ်။ ဘယ်သူက စစ်မှုထမ်းချင်မှာလဲ။ အဲဒါ သူနဲ့ သိပ်အဆင်မပြေတဲ့ လူငယ်သုံးယောက်ကို ဝမ်းတွင်းထွေအုပ်မှာ စာရင်းသွားပေးပြီးအပြန် လမ်းမှာ အပစ်ခံရတာ” လို့ ပြောပါတယ်။
လက်လုပ်သေနတ် ကိုင်ဆောင်ထားတဲ့ သီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး လက်တို မောင်ပု (ဒေသအခေါ်) ဟာ ရင်ဘတ်ကို သေနတ်နဲ့ ငါးချက် ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားခဲ့တာပါ။
အုပ်ချုပ်ရေးမှူး လက်တိုမောင်ပုဟာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို လိုက်လံကူညီ ဖြည့်ဆည်းပေးနေတဲ့အတွက် ဝမ်းတွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (WTRF) က ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို လိုက်လံကူညီ ဖြည့်ဆည်းပေးနေသူတွေကိုလည်း ချက်ချင်းရပ်တန့်ဖို့ ဝမ်းတွင်းမြို့နယ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
photo wtrf