ရခိုင်ပြည်နယ်အတွင်းက ခရိုင်မြို့တမြို့ဖြစ်တဲ့ တောင်ကုတ်မြို့ကို ရခိုင့်တပ်တော် ဝင်ရောက် လာပါက ခုခံတိုက်ခိုက်နိုင်ဖို့အတွက် စစ်ကောင်စီက တောင်ကုတ်မြို့မှာ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် တိုးမြှင့်ချထားပြီး မြို့အဝင်လမ်းကိုလည်း ဖျက်ဆီးပစ်လိုက်ကြောင်း မြိုခံတွေဆီက သိရပါတယ်။
တောင်ကုတ်အခြေစိုက် စစ်ကောင်စီတပ် ခမရ (၅၄၄) တပ်ရင်းက တောင်ကုတ်မြို့အထွက် တက္ကသိုလ် စစ်ဆေးရေးဂိတ်နဲ့ မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းကြားမှစတင်ကာ တောင်ကုတ်-မအီ ဆက်သွယ်ရေးလမ်းမကြီးကို မတ် ၁၉ ရက် မနက် ၈ နာရီလောက်က ဘတ်ဟိုးတစီးနဲ့ တူးဆွဖျက်ဆီးနေတယ်လို့ မြို့ခံတဦးကပြောပါတယ်။
“မနေ့ကတည်းက ဖျက်ဆီးနေကြတာ။ ဒီနေ့လည်းတူးဖို့ ရှိသေးတယ်လို့ကြားထားတယ်။ အဓိက ရခိုင့်တပ်တော်က ဝင်တိုက်မှာကြောက်လို့ အခုလိုလျှောက်လုပ်နေကြတာ။ ဘယ်လိုပဲလုပ်လုပ် တိုက်မယ့်ဟာက တိုက်မှာပဲ။ လောလောဆယ် လူတွေဒုက္ခရောက်တာပေါ့။ ပြည်သူတွေ သွားဖို့လာဖို့ ခက်ခဲသွားပြီ။”
စစ်ကောင်စီက ဖျက်ဆီးနေတဲ့ တောင်ကုတ်-မအီ လမ်းပိုင်းမှာ ရခိုင်တောင်ပိုင်းမြို့တွေဖြစ်တဲ့ တောင်ကုတ်၊ မအီ၊ အမ်း၊ ကျောက်ဖြူ၊ ရမ်းဗြဲမြို့တွေကို သွားလာရာမှာ အရေးပါတဲ့ ကုန်သွယ်ရေးလမ်းမကြီးတခုဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
အခုရက်ပိုင်းအတွင်း တောင်ကုတ်မြို့ရှိ စစ်ကောင်စီရဲ့ အမှတ် (၅) စစ်ဗျူဟာ ကွပ်ကဲမှုဌာနချုပ်၊ ခမရ ၅၄၄၊ ခမရ ၃၄၆ က တပ်ဖွဲ့ဝင်တွေဟာ မြို့မရဲစခန်းအတွင်း အင်အားပြည့် နေရာယူထားပြီး မြို့အနှံ့လုံခြုံရေးကို တင်းကျပ်ထားကြောင်း မြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် ရခိုင့်တပ်တော် (AA) အနေနဲ့ ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်တွေအထိ ထိုးဖောက်ဝင်ရောက်မှုတွေရှိလာတာကြောင့် တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်နေပြီး ဒေသခံတချို့ စစ်ဘေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။