လက်ဘနွန်နယ်စပ်က အစ္စရေးမြို့ရွာတွေမှာ နေထိုင်သူ ၆၀,၀၀၀ ကျော်ဟာ လက်ဘနွန်နိုင်ငံထဲက ဟစ်ဇ်ဘိုလာ ပြောက်ကျားတပ်တွေနဲ့ ခြောက်လနီးပါးကြာ တိုက်ပွဲဖြစ်အပြီး ထွက်ပြေးခဲ့ကြတယ်လို့ အစ္စရေးမြောက်ပိုင်း ပဋိပက္ခတွေကို မှတ်တမ်းတင်ထားတဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့တခုက ပြောပါတယ်။
အယ်လ်မာ သုတေသနနဲ့ ပညာရေးဌာနကို တည်ထောင်သူ ဆာ့ရစ်ဇဟာဗီက“သူတို့အများစုက အမိန့်မပေးဘဲ ထွက်သွားကြတယ်။ သူတို့က နယ်စပ်ဘေးမှာ နေရတာလေ။ ရွာစည်းရိုးနဲ့ နယ်စပ်ခြံစည်းရိုးက အတူတူပါပဲ” လို့ ပြောပါတယ်။
ထွက်ပြေးသူ အများအပြားဟာ အစ္စရေးအလယ်ပိုင်းက လုံခြုံတဲ့နေရာတွေဆီ ရွှေ့ပြောင်းခဲ့ပြီး သူတို့ရွာတွေကို လူသူကင်းမဲ့တဲ့အတိုင်း ထားခဲ့ကြပါတယ်။
ကီးရီးယတ်ရှမုံနာမြို့ လုံခြုံရေး ညှိနှိုင်းရေးမှူး အေရီရယ် ဖစ်ရှ်က“ကျနော်တို့က တစ္ဆေမြို့ပါ၊ ဒါက ပြောလို့မရတဲ့ အခြေအနေပါ။ လူတွေက ကိုယ့်အိမ်ထဲမှာ ဒုက္ခသည်တွေ ဖြစ်နေတယ်”လို့ ပြောပါတယ်။
ပါလက်စတိုင်းအဖွဲ့ ဟားမတ်စ်က အစ္စရေးတောင်ပိုင်းကို အောက်တိုဘာ ၇ ရက်က ဂါဇာကမ်းမြောင်ကနေတဆင့် ဝင်ရောက်စီးနင်းခဲ့ပြီး နောက်ပိုင်းမှာ ပါလက်စတိုင်းတို့နဲ့ သွေးစည်းကြောင်းပြတယ်ဆိုပြီး အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာတွေက အစ္စရေးစစ်တပ်ကို တိုက်ခဲ့တာပါ။
တဖြည်းဖြည်း ပြင်းထန်လာတဲ့ ပဋိပက္ခတွေ ပိုပြင်းထန်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။ လက်ဘနွန်မှာ အများအားဖြင့် “ဇူလိုင်စစ်ပွဲ” လို့ လူသိများတဲ့ ၂၀၀၆ ခုနှစ် စစ်ပွဲအပြီး အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ကြား အခုပဋိပက္ခဟာ အဆိုးရွားဆုံး ရန်လိုမှုအဖြစ် မီဒီယာတွေက ဖော်ပြကြပါတယ်။
Source/Photo-Reuters