Home
မြန်မာသတင်း
စစ်ခေါင်းဆောင်၏သား အောင်ပြည့်စုံပိုင် ရတနာပုံခန်းမ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်ခံရ
DVB
·
March 20, 2024
man 2032024

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၇၈ လမ်းနဲ့ ၃၈ လမ်းထောင့်မှာရှိတဲ့ ရတနာပုံခန်းမကို မတ် ၁၉ ရက် မနက် အစောပိုင်းမှာ ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးအခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့  No More Dictatorship People Defence Force  (NMD )ထံက သိရပါတယ်။

အဆိုပါ ခန်းမဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံ ပိုင်ဆိုင်တာဖြစ်ပြီး မနက် လေးနာရီခွဲလောက်က  ၁၀၇ မမ ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်ခဲ့တာလို့ NMD-MDY ရဲ့ တာဝန်ခံ ချာလီက ပြောပါတယ်။

ရတနာပုံခန်းမဟာ မန္တလေးမြို့လယ်မှာရှိပြီး စစ်တပ်ဝင်းထဲမှာ ရှိတဲ့အတွက် ခက်ခက်ခဲခဲပြင်ဆင်ပြီးမှ တိုက်ခိုက်ခဲ့တာလို့ NMD-MDY ရဲ့ တာဝန်ခံက ပြောပါတယ်။

No More Dictatorship NMD-MDY ရဲ့ တာဝန်ခံ ချာလီက"ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ ပြည်သူလူထုကို မျက်နှာမူပြီးတော့ တော်လှန်ရေးကိုပဲ ကျနော်တို့ တစိုက်မတ်မတ်နဲ့ ကြိုးစားပြီးတော့သွားနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အဲ့တော့ ကျနော်တို့ အဖွဲ့အစည်းမှာ အခက်အခဲပေါင်း များစွာရှိပါတယ်။ အဲ့ဒီ အခက်အခဲပေါင်းများစွာကို အခုလိုပဲ လုပ်ဆောင်နိုင်ဖို့အတွက် ပြည်သူလူထုအနေနဲ့ ကျနော်တို့အဖွဲ့အစည်းကို ဝိုင်းရံပေးကြဖို့ရာ အနူးအညွတ်တောင်းပန်အပ်ပါတယ်၊ မေတ္တာရပ်ခံအပ်ပါတယ်"လို့ ပြောပါတယ်။

အဆိုပါခန်းမကို ၂၀၂၁ ခုနှစ် မေ ၁၇ ရက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် ဦးစီးဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး စစ်အုပ်စု ခေါင်းဆောင်အကြီးပိုင်းတွေ အစည်းအဝေး ပြုလုပ်တာ၊ အထိမ်းအမှတ်ပွဲတွေပြုလုပ်တာ၊ စစ်ကောင်စီနောက်လိုက် ဝန်ထမ်းတွေကို ဝါဒဖြန့်ဖို့ အသုံးပြုနေတဲ့ အရေးပါသော ခန်းမနေရာဖြစ်တာကြောင့် တိုက်ခိုက်ခဲ့တာလို့ NMD-MDY က ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။

အဆိုပါ တိုက်ခိုက်မှုကို မန္တလေးအခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့တွေဖြစ်တဲ့ No More Dictatorship People Defence Force (NMD )နဲ့  Security & Special Task Force (SSTF-MDY) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013