Home
မြန်မာသတင်း
တောင်ကြီးတွင် ပတ်စ်ပို့ အမြန်ကြေး ကျပ် ၆၀၀,၀၀၀  ပေးပြီး လုပ်ဆောင်နေ 
DVB
·
March 20, 2024
pass 2032024

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ကို ပွဲစားတွေနဲ့ လုပ်ဆောင်တာတွေ ပိုများလာပြီး နှစ်ရက်အတွင်း ပြုလုပ်ပေးနေတယ်လို့ ပတ်စ်ပို့ပြုလုပ်သူတွေက ပြောပါတယ်။

ပွဲစားတွေနဲ့ လုပ်ဆောင်ရာမှာ နှစ်ရက်အတွင်းလုပ်ရင် ငွေကျပ်  ၆၀၀,၀၀၀၊ တပတ်အတွင်းရလိုပါက ကျပ်  ၄၀၀,၀၀၀၊ တလအတွင်း ရလိုပါက ကျပ် ၂၇၀,၀၀၀ နဲ့ ကြာချိန်ကာလပေါ် မူတည်ပြီး ဈေးနှုန်းအမျိုးမျိုးနဲ့ လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။

ပတ်စ်ပို့ပြုလုပ်တဲ့ အမျိုးသားတဦးက “ကျနော်က စစ်မှုမထမ်းချင်လို့ ထိုင်းသွားဖို့ဆိုပြီး ပတ်စ်ပို့လုပ်တာ၊ ဒီတိုင်း ရိုးရိုးလုပ်မယ်ဆိုရင် ၆ လလောက် စောင့်ရတယ်တဲ့၊ ရက်ချိန်း တိုကင် အရင်ယူရတာပေါ့။ ဒါပေမဲ့ အမြန်လိုလို့ တပတ်နဲ့ဟာလုပ်တာ ၄၀၀,၀၀၀ ပေးရတယ်၊ တကယ်လည်း ရတယ်။ ငွေပေးနိုင်ရင် လိုချင်တဲ့အချိန် ချက်ချင်းတန်းရတယ်။” လို့ ပြောပါတယ်။

ပွဲစားတွေဆီကနေတဆင့် ပတ်စ်ပို့လုပ်တာအပြင် မှတ်ပုံတင်အချက်အလက် ပြင်ဆင်တာ၊ ပတ်စ်ပို့သက်တမ်းတိုးတာ၊ အမျိုးအစားပြောင်းတာ၊ ဗီဇာလျှောက်တာတွေအထိ အကုန်လုပ်ဆောင်လို့ ရနိုင်တယ်လို့ သိရပါတယ်။

တောင်ကြီးမြို့က ပတ်စ်ပို့ပွဲစားတဦးက “လုပ်တဲ့သူက အရမ်းများတော့ ကျနော်တို့ဆိုရင် စာရင်းကြိုကောက်ပေးရတယ်။ တရက်တည်းမှာ လူ ၃၀၀ လောက်ရှိတယ်၊ ပွဲစားနဲ့ပဲလုပ်တာ ပိုများတယ်။ တချို့ဆို မိသားစုလိုက်၊ ရွာအလိုက် လာလုပ်တာလည်းရှိတယ်။ ဈေးနှုန်းတွေက ပတ်စ်ပို့ရုံး ပိတ်လိုက်တဲ့အချိန်နဲ့ အခု စစ်မှုထမ်းခေါ်တာတွေကြောင့် လုပ်တဲ့လူများပြီး ဈေးတွေတက်သွားတာ” လို့ ပြောပါတယ်။

တောင်ကြီးမြို့မှာ နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးတဲ့ ပတ်စ်ပို့ရုံးကို မြို့လယ် ဗိုလ်ချုပ်ပန်းခြံအနီးကနေ မြို့တောင်ဘက် သစ်တောဂိတ်မှာ ပြောင်းရွှေ့ထားပါတယ်။

နေ့စဉ် လူ ၂၀၀ ကျော် ပတ်စ်ပို့စာအုပ် လာလျှောက်ထားတာရှိပြီး လက်ရှိမှာ ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံး၊ တောင်ကြီး၊ ကလော၊ အောင်ပန်းနဲ့ ရွာငံမြို့နယ်က လူငယ်တွေ လာလုပ်တာ ပိုများတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013