ပထမအကြိမ် စစ်မှုထမ်းရမယ့် လူအယောက် ၅,၀၀၀ ကို စစ်ဆေးရုံတွေမှာ မတ် ၂၇ ရက်မှ ဧပြီ ၃ ရက် အတွင်း ကျန်းမာရေးစစ်ဆေးသွားမယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
နိုင်ငံတဝန်း ကောက်ယူရရှိတဲ့ စစ်မှုထမ်းစာရင်းကို အခြေပြုကာ သက်ဆိုင်ရာ တိုင်းစစ်ဌာန အသီးသီးမှာရှိတဲ့ စစ်ဆေးရုံတွေမှာ မတ် ၂၇ ရက်ကစတင်ပြီး ကျန်းမာရေးစစ်ဆေးမှာ ဖြစ်တယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ရန်ကုန်မှာဆို စစ်ဆေးရုံ ၁ နဲ့ ၂ ရှိတယ်၊ အင်းတိုင်က စစ်ဆေးရုံရှိမယ်၊ သင်တန်းကျောင်းတွေရှိတယ်၊ ရန်ကုန်စာရင်းမှာ စာရင်းကကောက်ပြီးပြီ၊ ဘယ်သူတွေပါမယ် ဆိုတာ ဆေးစစ်ပြီးမှသိရမှာ။”
စစ်မှုထမ်းဟောင်းဗဟိုအဖွဲ့က ပြည်နယ်နဲ့ တိုင်းဒေသအသီးသီးမှာရှိတဲ့ စစ်မှုထမ်းစာရင်း ကောက်ယူရေးအဖွဲ့တွေကို စစ်မှုထမ်းရမယ့်စာရင်းကို မတ် ၂၆ ရက် မတိုင်ခင် မြို့နယ်ဆင့်ခေါ်ရေးအဖွဲ့တွေကို အပ်နှံရမှာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“အခုစာရင်းကောက်တာ မြို့နယ်ကတမျိုး စစ်တပ်ကတမျိုး လဝကကတမျိုးနဲ့ ဘယ်လိုကောက်ရမလဲမသိဘူး။ စာရင်းကောက်ခိုင်းရုံမဟုတ်ဘူး၊ အုပ်ချုပ်ရေးကို တခါတည်း မဲနှိုက်ပြီး ရွေးခိုင်းတာ။”
ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ စစ်မှုထမ်းစာရင်း ကောက်ရာမှာ ငွေကြေးပေးရတာတွေရှိပြီး မဲနှိုက်ရာမှာ အုပ်ချုပ်ရေး အဖွဲ့တွေရဲ့ မိသားစုဝင်တွေ မပါလို့ ပြဿနာတက်တာတွေလည်း ရှိပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်က မဖြစ်မနေ စစ်မှုမထမ်းမနေရ ဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်မှာ အာဏာတည်တဲ့အကြောင်း လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အသီးသီးက ပုံစံအမျိုးမျိုးနဲ့ ကန့်ကွက်နေကြပါတယ်။