အဝေးပြေးခရီးသည်တင်ကားတွေနဲ့ လိုက်ပါမယ့်သူတွေ ထောက်ခံစာပါရှိရမယ်ဆိုတဲ့ သီးခြားညွှန်ကြားချက် ရှိမနေဘူးလို့ အဝေးပြေးယာဥ်လိုင်းတွေဆီက သိရပါတယ်။
ခရီးသည်တွေအနေနဲ့ လက်မှတ်ဝယ်ယူတဲ့အခါမှာ အလုပ်ခေါ်စာ၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ ခရီးသွားနေထိုင်ခွင့် ထောက်ခံချက် ဖုန်းနံပါတ် ဒါမှမဟုတ် သွားရောက်မယ့်လိပ်စာ ထောက်ခံစာ ပါရှိရမယ်ဆိုပြီး လူမူကွန်ရက်တွေမှာ ပျံ့နေတာ ဖြစ်ပါတယ်။
အဲဒီအချက်အလက်တွေ ယူဆောင်ရမယ်ဆိုပြီး သက်ဆိုင်ရာက တရားဝင် ညွှန်ကြားတာ မရှိသလို အရင်အတိုင်းပဲ လက်မှတ်ရောင်းနေတာ ဖြစ်တယ်လို့ အဝေးပြေးယာဥ်လိုင်း တာဝန်ခံတချို့က ဆိုပါတယ်။
ရန်ကုန်မှ မကွေးကို ပြေးဆွဲနေတဲ့ ယာဥ်လိုင်းတာဝန်ရှိသူတဦးက “မှတ်ပုံတင်ပါရင်ပါ၊ မပါရင် ထောက်ခံစာလိုမှာပေါ့။ အဲဒါကလည်း ပုံမှန်အတိုင်းပါပဲ” လို့ ပြောပါတယ်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းစာရင်း ကောက်နေချိန်မှာ ခရီးသွားလာမှုတွေကို ကန့်သတ်ကြပ်မတ်နေတာ ဆိုပြီး သတင်းတွေထွက်နေကာ ပြည်သူတွေကြား စိုးရိမ်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အဝေးပြေးခရီးသွား အခြေအနေကတော့ ပုံမှန်အတိုင်း ရှိနေသေးပြီး လမ်းခရီး စစ်ဆေးမှုတွေတော့ ရှိတယ်လို့ အဝေးပြေးယာဥ်မောင်းတဦးက ဆိုပါတယ်။
ဒါပေမဲ့ ရခိုင်ပြည်နယ်မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေ အနေနဲ့ကတော့ အခုနောက်ပိုင်း ခရီးသွားလာမှုမှာ အခက်အခဲတွေ ရှိနေတယ်လို့ ယာဥ်လိုင်းတချို့က ဆိုပါတယ်။
အမည်မဖော်လိုတဲ့ ယာဥ်လိုင်းတာဝန်ခံတဦးက “၁၁ မျဥ်းစောင်း မှတ်ပုံတင်ကိုင်တဲ့ သူတွေကို လမ်းမှာ ပိုစစ်နေတာရှိတယ်။ အဲဒါကြောင့် ယာဥ်လိုင်းတချို့က ပြဿနာဖြစ်မှာစိုးလို့ မတင်တာမျိုး ရှိတယ်။ သက်သက်ညွှန်ကြားချက်ကြောင့်တော့ မဟုတ်ဘူး” လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ အဝေးပြေးကားစီးမယ့် ခရီးသည်တွေအနေနဲ့ မှတ်ပုံတင်မူရင်း ပါရှိမှ လိုက်ပါစီးနင်းခွင့်ပြုဖို့နဲ့ မှတ်ပုံတင်မရှိရင် ရပ်ကွက်ထောက်ခံစာ ပါရမယ်ဆိုပြီး ညွှန်ကြားထားတာ ဖြစ်ပါတယ်။
လက်ရှိ ရန်ကုန်မြို့ကနေ နေ့စဥ် အဝေးပြေးကားစီးရေ ၇၅၀ နီးပါး ပြေးဆွဲနေပြီး ခရီးသည် ၁၂,၀၀၀ နီးပါး လိုက်ပါလေ့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ရဲ့ စာရင်းတွေအရ သိရပါတယ်။