Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် နေလှန်းဆားကြမ်းနှင့် အုတ်လုပ်ငန်းများ ဖျက်မိုးသတိပြုရန် မိုးဇလ သတိပေး
DVB
·
March 20, 2024
enviro 2032024

မွန်ပြည်နယ်ရဲ့ အဓိကစီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ နေလှန်းဆားကြမ်းနဲ့ အုတ်လုပ်ငန်း လိုပ်ကိုင်သူတွေ မတ် ၂၀ ရက်ကစပြီး ဖျက်မိုးရွာသွန်းနိုင်တဲ့အတွက် သတိပြုကြဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

မွန်ပြည်နယ်အတွင်းမှာ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တဲ့အတွက် နေလှန်းစား လုပ်ငန်းတွေနဲ့ အုတ်လုပ်ငန်းတွေ ထိခိုက်ပျက်စီးလာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်တာတွေ ဆောင်ရွက်ကြဖို့ မိုးဇလက ထုတ်ပြန်ခဲ့တာပါ။

မိုးရွာသွန်းနိုင်တဲ့အတွက် ကြုံးလို့ရတဲ့ ဆားတွေကို ကြုံးထားပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပေမဲ့ မိုးရွာသွန်းမှု အနည်းအများပေါ် မူတည်ပြီး ဆုံးရှုံးမှု များသွားနိုင်တယ်လို့ သံဖြူဇရပ် ပငရှိ နေလှန်းဆားလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။

“မိုးရွာရင်လည်း သူ့ကို အမိုးမိုးထားလို့မှ မရတာ။ လောလောဆယ်ကတော့ ကြုံးလို့ရတဲ့ ခွက်တွေကတော့ လူရှိရင်တော့ ကြုံးရပြီး လူမလောက်ရင်တော့ စောင့်ကြည့်ရတာပေါ့။ ထွေထွေထူးထူး ကြီးကြီးမားမားလည်း ပြင်ဆင်လို့မရတော့ ဆားအပေါ်မှာ ဆားရည် ပြည့်ဝ ပျော်ဝင်ရည်နဲ့ မိုးထားတော့ မိုးရွာနည်းရင် နည်းနည်းသက်သာပေမဲ့ မိုးများရင်တော့ ဆုံးရှုံးမှု များမှာပေါ့။”

အခုနှစ် နေလှန်းဆားရာသီအတွင်း ဇန်နဝါရီ ၁၄ ရက်‌နဲ့ ဇန်နဝါရီလကုန်မှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှု နှစ်ကြိမ်ဖြစ်ပြီး ဆားရရှိမှု နည်းသွားတဲ့အတွက် အခုတခါ မိုးထပ်ရွာပါက ဆုံးရှုံးမှု ပိုများနိုင်တယ်လို့ ဆားတောင်သူတွေက ပြောပါတယ်။

မိုးဇလက မတ် ၂၀ ရက်ကစပြီး ၂၄ ရက်အတွင်း အချိန်အခါမဟုတ် မိုးရွားသွန်းနိုင်တယ်လို့ ကြေညာတဲ့အတွက် အုတ်ဖုတ်လုပ်ငန်း ခဏရပ်နားထားတယ်လို့ ကျိုက်ထိုမြို့ရှိ အုတ်လုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။

“ဖုတ်ပြီးသား အုတ်တွေကတော့ ပြဿနာမရှိပါဘူး။ အခု အုတ်ပုံစံခွက်ထဲ အခြောက်ခံထားတဲ့ အုတ်တွေပဲ ပြဿနာရှိလာနိုင်လို့ ဒီရက်ထဲမှာ အုတ်လုပ်တာတွေကို ခဏရပ်ထားလိုက်တယ်။ မိုးရက်မကြာဘူး ဆိုရင်တော့ ဘာဆုံးရှုံးမှုမှ မရှိပါဘူး။ ခု အုတ်ဈေးကလည်း ကောင်းနေတော့ ဒီနှစ်ကတော့ အဆင်ပြေပါတယ်။”

မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်းတချို့မှာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့က ရွေ့လျားလာတဲ့ တိမ်တိုက်တွေ၊ အရှေ့ဘက်နဲ့ အနောက်ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့်နဲ့ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းမှု အားကောင်းလာတာကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

အချိန်အခါမဟုတ် မိုးရွာသွန်းတာနဲ့အတူ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာနဲ့ မိုးတိမ်တောင်ဖြစ်ထွန်းမှု အားကောင်းတဲ့ ဒေသတွေမှာ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိထားကြဖို့ တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013