၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့သည် မြန်မာ့နိုင်ငံရေး ကံကြမ္မာအလှည့်အပြောင်း၊ အချိုးအဆစ်တခုကို ဖြစ်ပေါ်စေခဲ့သည်မှာ အများပြည်သူအသိပင် ဖြစ်သည်။ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ၏ လက်ပါးစေများသည် အာဏာလုမှုကို ဖန်တီးခဲ့ပြီး ယင်းအာဏာလုမှုကို လက်မခံသော ပြည်သူလူထုသည် အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရာကနေ ယင်းတို့၏ လူမဆန်စွာ တရားဥပဒေမဲ့ အကြမ်းဖက် သတ်ဖြတ် ဖမ်းဆီးမှုများကြောင့် ပြည်သူလူထုသည် ရရာနည်းဖြင့်၊ ကိုယ်လုပ်နိုင်ရာ နည်းများဖြင့် အာဏာရှင်စနစ် အမြစ်ပြုတ်ရမည်ဟူသော ခိုင်မာသော ရည်ရွယ်ချက် သန္နိဋ္ဌာန် ချမှတ်ကာ စတင်တော်လှန်ခဲ့ကြသည်။ ပြည်သူလူထုသည် ခိုင်မာသော ယုံကြည်ချက်များနှင့်အတူ နွေဦးတော်လှန်ရေး ခရီးကြမ်းကို မဆုတ်မနစ် ဇွဲလုံ့လကြီးစွာ၊ ရဲရင့်ပြတ်သားစွာဖြင့် လျှောက်လှမ်းခဲ့ကြသည်။
တော်လှန်ရေးကာလသည် ရက်မှလ၊ လမှနှစ်သို့ ကြာမြင့်လာသည်နှင့်အမျှ တော်လှန်ရေး၏ လိုအပ်ချက်များကြောင့် အဖွဲ့အစည်းများအကြား သဘောထားကွဲလွဲမှုများ၊ ပြဿနာ ပဋိပက္ခများလည်း ပေါ်ပေါက်လာသည်။ ဤပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် မှန်ကန်မျှတသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများသည် မရှိမဖြစ် လိုအပ်လာပေသည်။
ဤသို့သော လိုအပ်ချက်များစွာထဲကမှ ကြားကာလ၊ အသွင်ကူးပြောင်းရေးကာလနှင့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မရှိမဖြစ် လိုအပ်နေပါသည်။ ယခုကာလတွင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့သည် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရေး ဥပဒေများကို ပြဋ္ဌာန်းနိုင်အောင် စီစဉ်နေပေသည်။ တော်လှန်ရေးအားကောင်းသော ဒေသများတွင် ယင်းကြိုတင်ပြင်ဆင်ရေး ဥပဒေများကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားပြုကော်မတီများက အတည်ပြု ပြဋ္ဌာန်းလိုက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေကြပြီ။
ဤသို့ ဆောင်ရွက်ချက်များသည် တော်လှန်ရေးကာလ တော်လှန်ရေးအဖွဲ့အစည်းများအကြား သဘောထားကွဲလွဲမှုများကို ဖြေရှင်းနိုင်သည့် နည်းလမ်းတခု ဖြစ်မလာဘဲ ပို၍ သဘောထားကွဲစေသော အကြောင်းအရင်းတရပ် ဖြစ်လာသည်။ ဖက်ဒရယ်ပြည်ထောင်စုအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မရှိမဖြစ်လိုအပ်သည် မှန်သော်ငြားလည်း အလောတကြီး ရေးဆွဲဆောင်ရွက်ရမည့် ဥပဒေမျိုးလည်း မဟုတ်ပေ။ လူထုက အစပြုခဲ့သော ဒီတော်လှန်ရေးသည် လူထုနှင့် ကင်းကွာလို့ မရသလို ကိစ္စရပ်တိုင်းမှာ လူထုပါဝင်နေဖို့လည်း အရေးကြီးလှပါသည်။ ကြိုတင်ပြင်ဆင်ရေး ဥပဒေများ အတည်ပြုလိုက်ခြင်းတွင် လူထုပါဝင်မှု မရှိသလို လူထုနှင့် ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းမျိုးလည်း မရှိခဲ့ပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖြစ်စေ၊ ယင်းကို အကောင်အထည်ဖော်မည့် ဥပဒေ (သို့မဟုတ်) ယန္တရားကိုဖြစ်စေ အလောတကြီး ဆောင်ရွက်ရန် မသင့်သလို လူထုဆန္ဒနှင့် လူထုကိုယ်တိုင် မပါဝင်ဘဲ ဆောင်ရွက်မှုများသည်လည်း မှန်ကန်သည်ဟု မဆိုနိုင်ပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေတခုကို အလောတကြီး ရေးဆွဲ၊ လူထုဆန္ဒသဘောထားနှင့် လူထုကိုယ်တိုင် မပါဝင်ဘဲ အဖွဲ့အစည်းတခုတည်း၏ ဆန္ဒနှင့် ရေးဆွဲခဲ့ခြင်းတို့ကြောင့် တိုင်းပြည်နှင့် ပြည်သူ ထိခိုက်နစ်နာခဲ့ရသည်များကို မြန်မာနိုင်ငံ၏ ယခင်ဖွဲ့စည်းပုံအခြေခံဥပဒေ ၃ ခုက အထင်အရှား မီးမောင်းထိုးပြနေပေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတခုသည် ပြီးစလွယ် ဖြစ်သလို ရေးဆွဲပြီး ဟန်ပြအဖြစ်သာ ထားရမည့်အရာ မဟုတ်ပေ။ လိုအပ်သည်များကို အဖြေရှာ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အပြည့်အဝ အာမခံသော ဖွဲ့စည်းပုံအခြေခံဥပဒေတခု ဖြစ်လာအောင် ပြည်သူလူထု တရပ်လုံး အချိန်တခုယူပြီး ဆွေးနွေးညှိနှိုင်း အဖြေရှာကြရမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အပေါစား တန်ဖိုးမဲ့အရာ မဟုတ်ပေ။ နိုင်ငံ၏ စံတန်ဖိုးများ၊ ရည်မှန်းချက်များ၊ နိုင်ငံလည်ပတ်မည့် ပုံစံများ၊ ဒီမိုကရေစီ စံတန်ဖိုးများ၊ လူ့အခွင့်အရေး အပြည့်အဝ အာမခံမှုများနှင့် ကာကွယ်ပေးမှုများ စသည့် လူတဦးတယောက်ချင်းစီ၏ ခံစားပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် ရည်မှန်းချက် အိပ်မက်များကို အခိုင်အမာ ဖော်ကျူးထားသည့် အလွန်တန်ဖိုးရှိသည့် အရာဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတခုကို လူထုဆန္ဒ မပါဝင်ဘဲ အလောတကြီး ရေးဆွဲခြင်းသည် နိုင်ငံနှင့် ပြည်သူအတွက် အလွန်အန္တရာယ်ကြီးကြောင်း ရှေးကဖြစ်ရပ်များက သာဓကပြနေသည်။ လူထုဆန္ဒ မပါဝင်သော၊ လူထုကို ကိုယ်စားမပြုသော ဖွဲ့စည်းပုံအခြေခံဥပဒေတခုကို အလွယ်တကူ ဖျက်ဆီးပြင်ဆင်လို့ မရသလို အနည်းဆုံး ဆယ်စုနှစ်တခုကြာ လူထုသည် ယင်း၏ ဆိုးကျိုးသက်ရောက်မှုများကို ခါးစည်းခံကြရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတခုကို ဖျက်၍ မလွယ်ကူသလို မကြာခဏ ပြင်ဆင်ရေးဆွဲနေရခြင်းသည်လည်း တိုင်းပြည်တိုးတက်ရေးကို များစွာ အနှောင့်အယှက် အဟန့်အတား ဖြစ်စေသည်။ မိမိတို့ ပြည်သူလူထုသည် မကောင်းတိုင်း၊ အသုံးမဝင်တိုင်း အချိန်တိုအတွင်း ဖျက်ပစ်ရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေမျိုးကို မလိုအပ်ပေ။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အပြည့်အဝ အာမခံသော နှစ်ပေါင်းများစွာတိုင် ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမျိုးကိုသာ အမှန်လိုအပ်နေသည်။
သို့ပါသောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် လူထုအားလုံးကို ကိုယ်စားပြု ပါဝင်ခွင့်ပြုဖို့၊ လူထု၏ဆန္ဒကို အလေးထားဖို့၊ လူထု၏ အခွင့်အရေးများကို အပြည့်အဝ အာမခံပေးဖို့ တောင်းဆိုအပ်ပါသည်။ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုအတွက် လူ့အခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေး၊ လူနည်းစုအခွင့်အရေးနှင့် ဒီမိုကရေစီ စံတန်ဖိုးများကို အပြည့်အဝ အာမခံ ကာကွယ်ပေးသည့် ခိုင်မာအားကောင်းသော ဖွဲ့စည်းပုံအခြေခံဥပဒေတခု ဖြစ်ပေါ်လာအောင် သက်ဆိုင်သူအားလုံးနှင့် ပြည်သူလူထုတရပ်လုံး စုစည်းညီညွတ်စွာဖြင့် ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းကြဖို့ လေးနက်စွာဖြင့် ဆန္ဒပြု တိုက်တွန်းအပ်ပါသည်။
စောသက်နွေ(ဓနဖ)