Home
မြန်မာသတင်း
တက္ကသိုလ်ရိပ်သာလမ်း  ခြံအမှတ် ၅၄ ကို လေလံထပ်တင်ရန် ကြားနာမည်
DVB
·
May 9, 2024
DASSK-Home-1

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့  တက္ကသိုလ်ရိပ်သာလမ်း  ခြံအမှတ် ၅၄  နေအိမ်ကို စစ်ကောင်စီက ဒုတိယအကြိမ် လေလံတင်ဖို့ တရားရုံးကြားနာမှု မေ ၁၆ ရက်မှာ ပြုလုပ်ဖို့ ရှိနေပါတယ်။

မတ် ၂၀ ရက် ပထမအကြိမ် လေလံပွဲတုန်းက သတ်မှတ်ကြမ်းခင်းဈေးအတိုင်း လေလံဆွဲမယ့်သူမရှိတာကြောင့် လေလံပွဲမအောင်မြင်ဘဲ နောက်တကြိမ် လေလံတင်ဖို့ ရက်ရွှေ့ဆိုင်းခဲ့ရပါတယ်။

လာမယ့် မေ ၁၆ ရက်မှာ တရားရုံး ကြားနာမှုပြုလုပ်ဖို့ အစီအစဉ်ရှိနေပေမဲ့ ဘယ်လို အကြောင်းအရာတွေကို ကြားနာဖို့ စီစဉ်ထားတယ် ဆိုတာကတော့ အတိအကျမသိရသေးပါဘူး။

တရားပြိုင် ဦးအောင်ဆန်းဦးဘက်က သူ့ရဲ့ရပိုင်ခွင့်အတိုင်း ရနိုင်ဖို့ ဆက်လက်ကြိုးစားနေသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကလည်း ရန်ကုန်တိုင်းတရားလွှတ်တော်မှာ ပြင်ဆင်ချက် တင်ထားခဲ့တာပါ။

ဥပဒေအကြံပေး  ဦးခင်မောင်မြင့်က “ဒုတိယတကြိမ် လေလံပွဲထပ်လုပ်တာပေါ့။ အဲ့ဒါကတော့ ကျနော်တို့ စောင့်ကြည့်ရမယ့် အနေအထား၊ ကျနော်တို့ ကြိုပြောလို့တော့ မရဘူး။ မှန်းဆချက်အရ ဆိုရင်တော့ ဒုတိယအကြိမ်လည်း အောင်မြင်ဖို့ ခဲယဉ်းပါတယ်။ ဒုတိယအကြိမ် လေလံပစ်ဖို့အတွက် လေလံကြမ်းခင်းဈေးကို ပြန်ကြားနာရမှာပေါ့နော်။ ရှေ့နေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ခွင့်မရတော့ ဦးအောင်ဆန်းဦးရဲ့ အဆိုပြုချက်အရပဲ တရားရုံးက လေလံကြမ်းခင်းဈေးသတ်မှတ်ခဲ့တာကိုး။ အမှန်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဘက်က အဆိုပြုချက် အဲ့  ၂ ခုကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ သတ်မှတ်ထားတဲ့ ကာလပေါက်ဈေးနဲ့ နှိုင်းချိန်ပြီးမှ သတ်မှတ်ရမှာပေါ့။ ဖြစ်နိုင်တာကတော့ ကြမ်းခင်းဈေးကို ပြန်လည်သတ်မှတ်ဖို့ကြားနာတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့။ ဒါက ကျနော်တို့ရဲ့ မှန်းဆချက်ပါ”လို့ ပြောပါတယ်။

လုပ်ထုံးလုပ်နည်းတွေအရဆိုရင် အမွေစားအမွေခံ တရားမ ဇာရီအမှုတွေမှာ အမိန့်ပါ ဖော်ပြချက်တွေကို အကောင်အထည်ဖော်ဖို့ ဆောင်ရွက်တာ၊ လုပ်ပိုင်ခွင့်ပေးတာ၊ လက်ခံရယူတာ စသဖြင့် အဆင့်ဆင့် လုပ်ဆောင်ချက်တွေကို တရားနိုင်ကြောင်း အမိန့်ရထားသူက အတည်ပြု ဆုံးဖြတ်ရတာပါ။

လေလံတင်မယ်ဆိုရင်တော့ ကြမ်းခင်းဈေးကို တရားပြိုင်နှစ်ဖက်စလုံးက အဆိုပြုချက်တွေ တင်သွင်းပြီး သင့်လျော်တဲ့ဈေးနှုန်းကို တရားရုံးက သတ်မှတ်ပေးရတာဖြစ်ပါတယ်။

လတ်တလောအခြေအနေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှေ့နေအဖွဲ့နဲ့ တွေ့ခွင့်မရသေးသလို ကြမ်းခင်းဈေးသတ်မှတ်ရာမှာလည်း ပါဝင်ဆောင်ရွက်နိုင်မှုမ မရှိသေးပါဘူး။

ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က "ရန်ကုန်တိုင်းတရားရုံးရဲ့ လုပ်ပိုင်ခွင့်က ၂ ခုရှိတယ်။ တစ်က ဒေါ်စုဘက်ကရှေ့နေတွေ တင်ထားတာကို လျှောက်လဲချက်ကြားနာပြီးတော့ လက်ခံလိုက်ပြီဆို အမှုတွဲခေါ်သွားမယ်။ အဲ့နည်းက တနည်းပေါ့။ ပြီးတော့မှ နှစ်ဖက် လျှောက်လဲချက် ကြားနာ၊ ကြားနာပြီးတော့မှ ပယ်တယ်ဆိုပြီးတော့ အဲ့လိုလည်း လုပ်ချင် လုပ်နိုင်တယ်၊ ဒါမှမဟုတ် လက်ခံတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှေ့နေတွေ ပြောတဲ့အတိုင်း လုပ်ရမယ်။ အောက်ရုံးက လုပ်ပါဆိုပြီးတော့လည်း အမိန့်ချနိုင်တယ်၊ လက်မခံဘဲနဲ့ ပယ်ပလိုက်တဲ့ဥစ္စာကတော့ ရာခိုင်နှုန်းတော်တော်များတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်အစိုးရကို ကြောက်ရတာကိုး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘယ်မှာ ရှေ့ထွက်လာလို့လဲ၊ ဥပဒေမဲ့ဖြစ်ပြီးတော့ ကြောက်နေရတဲ့အနေအထားမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြင်ဆင်မှု တက်တာ အောင်ဖို့ဆိုတာကတော့ ခက်မယ်လို့ အဲ့လိုထင်တယ်လေ”လို့ ပြောပါတယ်။

၂၀၁၆ ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံး ဆုံးဖြတ်ချက်အရ ခြံနေရာတဝက် ပိုင်ဆိုင်ခွင့်ရထားသူ ဦးအောင်ဆန်းဦးက သူ့ရဲ့ခွဲတမ်းကို လက်ဝယ်ရအောင် ရောင်းချခွဲဝေဖို့ ၂၀၂၁ အောက်တိုဘာလမှာ စစ်ကောင်စီ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးဆီကို ပုဂ္ဂိုလ်ရေး လျှောက်လွှာစာ ပေးပို့ခဲ့ပြီးနောက်မှာ ပြည်ထောင်စုတရားလွှတ်တော်က လက်ခံကြားနာပြီး လေလံတင်ဖို့ဆုံးဖြတ်ချက်ထွက်ပေါ်ခဲ့တာပါ။

တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို ကမာရွတ်ခရိုင်တရားရုံးက  ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း ၃ သိန်းကျော် (ဒေါ်လာသန်း ၉၀ ဝန်းကျင်) ကြမ်းခင်းဈေးသတ်မှတ်ခဲ့ပြီး ဒီကြမ်းခင်းဈေးဟာ တရားပြိုင် ဦးအောင်ဆန်းဦးရဲ့ အဆိုပြုချက်တခုတည်းအပေါ်ကိုသာ တည်မှီ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

သုတချမ်းသာ

ဆက်စပ်သတင်းများ—

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013