Home
မြန်မာသတင်း
ဘိုကလေးမြို့နယ်တွင် ဧည့်စာရင်းတိုင်ကြေး ကျပ် ၂၀၀၀၀ အထိ ကောက်ယူ
DVB
·
May 9, 2024
BogalayGustsFee_09052024

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်က စစ်ကောင်စီခန့် ရပ်၊ ကျေးအုပ်ချုပ်ရေးမှူးတွေက ဧည့်စာရင်း တိုင်ကြေး ငွေကျပ် ၂၀၀၀၀ အထိ တောင်းယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

မေလပထမ အပတ်ကစတင်ပြီး ဧည့်စာရင်းတိုင်တဲ့သူတွေထံက ကောက်ယူနေတာဖြစ်ပြီး သူတို့ တောင်းတဲ့ ငွေပမာဏအတိုင်း မပေးရင် ဧည့်သည်လက်ခံတဲ့ အိမ်ရှင်ပါ အဖမ်းခံရမယ်လို့ အုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက်ပြောဆို တောင်းယူနေတာလို့ ဒေသခံတွေက ဆိုပါတယ်။ 

ဘိုကလေးမြို့ခံ တဦးက “အိမ်ကို ဧည့်သည်လာရင်ဖြစ်ဖြစ်၊ အတူနေမိသားစုတွေ ပြန်လာရင် ဖြစ်ဖြစ် မဖြစ်မနေ ဧည့်စာရင်း တိုင်ရမယ်လို့ အသံချဲ့စက်တွေနဲ့ မကြာခဏ ကြေညာတယ်။ အစည်းအဝေးတွေမှာလည်း ပြောတယ်။ လာစစ်လို့ ဧည့်သည်တွေ့ရင် ဖမ်းမယ်ပေ့ါ။ အလုပ်ခဏနားလို့ မနေ့က အိမ်ကို မောင်လေး ပြန်လာလို့ သွားပြောတော့ ဧည့်စာရင်းတိုင်ကြေး ဆိုပြီး အုပ်ကြီးက ငွေ ၂၀၀၀၀ တောင်းလို့ ပေးခဲ့ရတာ။ မပေးရင် နင့် မောင်ကို လက်ခံထားရင် တာဝန်မယူဘူးတဲ့ အဲဒီလို ပြောတာ”လို့ ပြောပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် ဧည့်စာရင်းဥပဒေကို အသက်ပြန်သွင်းကာ ပြည်သူတွေကို နည်းလမ်းပေါင်းစုံနဲ့ ငွေကြေးတောင်းခံမှု ပြုလုပ်လာပြီး ဧည့်စာရင်း တိုင်ကြားရာမှာလည်း ငွေပေးမှသာ အဆင်ပြေပြေလုပ်ပေးတာလို့ ဒေသခံတွေက ဆိုပါတယ်။ 

ဘိုကလေးမြို့နယ်က ကိုယ်တွေ့ကြုံရတဲ့ ဒေသခံ တဦးက “အရင်က ကွမ်းဖိုး လက်ဖက်ရည်ဖိုး ၁၀၀၀ နဲ့ ၂၀၀၀ ဒီလောက်ပဲ ပေးရတာ။ ဒါတောင် ကိုယ်ပေးမှ ယူတာပါ။ အခုကတော့ အဆမတန် ပေးနေရတာ။ အခု တကြိမ်တိုင် အနည်းဆုံးငွေ ၂၀၀၀၀ အထိပေးနေရတယ်။ မပေးရင်  အဖမ်းခံ ရမယ်လို့ အုပ်ချုပ်ရေးမှူးက ပြောတော့ အဖမ်းတော့ မခံနိုင်ဘူးလေ၊ ပေးရတာပဲ” လို့ ပြောပါတယ်။ 

ဘိုကလေးမြို့မှာ ဧပြီလအတွင်းကလည်း မြို့ပေါ် ဈေးတက်ဝယ်တဲ့ ဆိုင်ကယ်တွေကို  ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ဆိုင်ကယ် ၁ စီးကို ငွေကျပ် ၅၀၀၀၀ နဲ့ စခန်းမှာ ရွေးယူခိုင်းခဲ့သေးတယ်လို့ ဆိုပါတယ်။

Photo - Myo Oo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013