သူတပါးပစ္စည်းဥစ္စာကို ခိုးဝှက်သူ၊ လုယက်သူတွေဟာ လက်ရှိဘဝမှာရော နောင်ဘဝ သံသရာကြွေးပါတဲ့ ခိုးရာပါ၊ တိုက်ရာပါ ပစ္စည်းတွေကို ထုခွဲရောင်းချပြီး စားသောက် ရှင်သန်ကြရပါတယ်။ အခုလည်း နိုင်ငံတော်အာဏာ ၃ ရပ်ကို လုယက် ဓားပြတိုက်ခဲ့ကြတဲ့ စစ်ဓားပြဂိုဏ်းဟာ သူတို့ရဲ့ ခိုးရာပါ တိုက်ရာပါ ပစ္စည်းတွေထဲက ပါဝါ ၅၄ လို့ ပြည်တွင်းသာမက ကမ္ဘာမှာပါ လူသိများ ထင်ရှားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရင်း မြန်မာပြည်သူတွေနဲ့အတူ ဒီမိုကရေစီရေးလှုပ်ရှားမှု သမိုင်းမော်ကွန်း ရေးထိုးခဲ့တဲ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄-၅၆) နေအိမ်ကို လေလံတင်ရောင်းချဖို့ ကြံစည်ခဲ့ကြပြန်ပါတယ်။
စစ်အုပ်စုဟာ အဓိက အမွေဆိုင်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်သွင်း အကျဥ်းချထားရင်း သူ့ရဲ့သဘောထားမပါဘဲ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နေ့မှာ စစ်ကောင်စီရဲ့ ကမာရွတ်ခရိုင် တရားရုံးကနေ မြန်မာနိုင်ငံသားအဖြစ်ကို စွန့်လွှတ်ထားတဲ့ ဦးအောင်ဆန်းဦး တောင်းဆိုတဲ့အတိုင်း အမေရိကန်ဒေါ်လာ သန်း ၉၀ (မြန်မာကျပ်ငွေ သိန်းပေါင်း ၃,၁၅၀,၀၀၀) ကြမ်းခင်းဈေး သတ်မှတ်လိုက်ကြောင်း အတည်ပြုခဲ့ပြီး လာမယ့် ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်မှာ ပါဝါ ၅၄ နေအိမ်ကို လေလံတင်မယ့်အကြောင်း သတင်းစာထဲမှာ ကြော်ငြာမယ်လို့ သိရှိရပါတယ်။
တကယ်တော့ ၂ဝ၁၆ ခုနှစ်ကတည်းက ဒီခြံမြေကို မောင်နှမ ခွဲဝေကြဖို့ အမိန့်ချထားပြီးသားဟာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကို ဦးအောင်ဆန်းဦးဘက်က မကျေနပ်လို့ အိမ်ကို လေလံပစ်ပြီး တယောက်တဝက် ခွဲဝေယူဖို့ ၂၀၁၈ မှာ အထူးအယူခံ ထပ်တက်ခဲ့ပေမဲ့ ပြည်ထောင်စုတရားသူကြီးချုပ် အပါအဝင် တရားသူကြီး ၉ ပါး ပါဝင်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချခဲ့ပြီးသား ဖြစ်ပါတယ်။
အဲဒီနောက် သမ္မတရူး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်မှာ အာဏာလုယူပြီးတဲ့နောက် ၂၀၂၂ ခုနှစ်မှာ နောက်ထပ် အထူးအယူခံကို မြန်မာနိုင်ငံသား မဟုတ်တော့တဲ့ ဦးအောင်ဆန်းဦးက ထပ်တင်ခဲ့ပြီးတဲ့နောက် ဦးအောင်ဆန်းဦးကို အနိုင်ပေးခဲ့တာ ဖြစ်ပါတယ်။ အဓိက အမွေဆိုင်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မတရား ဖမ်းဆီး အကျဉ်းချခံထားရလို့ အမှုကို ကိုယ်တိုင်ချေပခွင့် မရတဲ့အပြင် သူ့ရှေ့နေတွေနဲ့ပါ တွေ့ခွင့်မရဘဲ ဦးအောင်ဆန်းဦးကို အခုလို အနိုင်ပေးတာက တရားဥပဒေနဲ့ မညီညွတ်ဘူးလို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ထုတ်ဖော် အသိပေးထားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးသည် နာမည်နဲ့ အမည်ပေါက်ထားတဲ့ အဲဒီ သမိုင်းဝင် ခြံမြေတိုက်တာနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ထုတ်ပြန်ခဲ့တဲ့ စက်တင်ဘာ ၂ ရက် နေ့စွဲနဲ့ အမိန့်ထုတ်ပြန်ချက်မှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄-၅၆) ကို ကြားကာလ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်လိုက်ပြီဖြစ်လို့ မြေနဲ့ အဆောက်အအုံနေရာကို ဘယ်သူမှ “ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ရန် ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန် ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန် ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း၊ အခြားနည်း အသုံးချခြင်းများအား တင်းကျပ်စွာ တားမြစ်သည်” လို့ ဖော်ပြထားခဲ့ပါတယ်။
အဲဒီတားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ရင် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၂၀၁၉)၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်တဲ့ဥပဒေ (၁၉၈၇) တွေအပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ပါ အရေးယူမယ်လို့လည်း ပါရှိပါတယ်။
ဒီဆောင်းပါးမှာ အဓိကရေးပြချင်တာကတော့ နိုင်ငံရေးရှုထောင့်က ကြည့်မယ်ဆိုရင် တိုင်းပြည်အတွက် သမိုင်းတန်ဖိုးများစွာရှိတဲ့ ပါဝါ ၅၄ လို့ တင်စားကြရတဲ့ ဒီခြံမြေတိုက်တာတွေကို တရားမဝင် အာဏာလုယူထားတဲ့ စစ်ဓားပြဂိုဏ်းလက်ထက်မှာ ဥပဒေနဲ့ မညီညွတ်ဘဲ နိုင်ငံရေးလှည့်ကွက်တခုအနေနဲ့ အခွင့်ကောင်းယူပြီး အရှက်မဲ့စွာ လေလံတင်မယ်ဆိုတာဟာ နာမည်ဆိုးနဲ့ သမိုင်းတွင်မယ့် တရားမဝင် လေလံပစ်ပွဲသာ ဖြစ်မယ်ဆိုတာပါပဲ။
လူမှုရေးရှုထောင့်က ကြည့်မယ်ဆိုရင်လည်း ဒီမိုကရေစီအရေး တောင်းဆိုလှုပ်ရှားမှုနဲ့အတူ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ပေါ်ပေါက်လာတဲ့ ကာလအတွင်းမှာ ဗိုလ်ချုပ်အောင်ဆန်း ဇနီးသည် ဒေါ်ခင်ကြည်ဟာ ကျန်းမာရေးအခြေအနေ ဆိုးဝါးလာခဲ့တဲ့အတွက် ပါဝါ ၅၄ မှာ အိပ်ရာထဲလဲနေတဲ့ မိခင်ကြီးကို သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ကိုယ်ဖိရင်ဖိ အနီးကပ် ပြုစုစောင့်ရှောက်ဖို့ ပြည်ပကနေ ပြန်လာခဲ့ပါတယ်။
အဲဒီနောက် ၁၉၈၈ ဒီဇင်ဘာ ၂၇ ရက်၊ အသက် ၇၆ နှစ်အရွယ်မှာပဲ ဒေါ်ခင်ကြည် ကွယ်လွန်သွားခဲ့ပြီး ခြံအမှတ် ၅၄ မှာပဲ ဈာပနအခမ်းအနားကို ပြုလုပ်ခဲ့ရာမှာ တနိုင်ငံလုံးက ပြည်သူအမြောက်အမြား လာရောက်ဂါရဝပြုခဲ့ကြပါတယ်။ ဒေါ်ခင်ကြည် အုတ်ဂူကိုတော့ ရွှေတိဂုံဘုရား တောင်ဘက်မုခ်နားက ဆရာကြီးသခင်ကိုယ်တော်မှိုင်း အုတ်ဂူအနီးမှာ တည်ဆောက်ပေးခဲ့ကြပါတယ်။
အဲဒီအချိန်မှာ အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားတဲ့ ဦးအောင်ဆန်းဦးဟာ မိခင်ကျေးဇူးကို ဒေါ်အောင်ဆန်းစုကြည်လို လာရောက်မပြုစုနိုင်တဲ့ သားတယောက်အနေနဲ့ တာဝန်မယူခဲ့ဘဲ အမွေခွဲရမယ့်ကိစ္စကျမှ အရှက်မဲ့ သိက္ခာမဲ့စွာ စစ်ဓားပြဂိုဏ်းက ညီမငယ်ကို ထောင်ချ နှိပ်စက် ခံနေရတဲ့အချိန် စာနာမှုကင်းမဲ့စွာ အမြတ်ထုတ်လာတဲ့ ကြိုးပမ်းမှုဟာ သူ့ရဲ့ ရှက်စိတ်ကင်းမဲ့မှုကို တကမ္ဘာလုံးရှေ့မှာ ပြသခဲ့တာပဲ ဖြစ်ပါတယ်။
ဥပဒေရှုထောင့်က ကြည့်မယ်ဆိုရင်လည်း ဦးအောင်ဆန်းဦးဟာ မြန်မာနိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခဲ့တာမို့ ပါဝါ ၅၄ ရဲ့ မြေယာတိုက်တာ အဆောက်အဦကို ပိုင်ဆိုင်ခွင့်မရှိဘဲ အဲဒီ ခြံနဲ့အိမ်ကို ရောင်းချပြီး ရတဲ့ငွေကိုသာ အမွေဆိုင်တဦးအနေနဲ့ ခွဲဝေရပိုင်ခွင့်သာရှိတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ခြံအမှတ် ၅၄ ဟာ မြန်မာ့ဒီမိုကရေစီအရေး သမိုင်းဆိုင်ရာ အမွေအနှစ် အဆောက်အဦအဖြစ် မော်ကွန်းဝင်သွားတာမို့ စစ်ဓားပြဂိုဏ်းဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားတဲ့ သူတို့ရဲ့ အာဃာတကို အကောင်အထည်ဖော်ဖို့၊ သူမကို စိတ်ဓာတ်ရေးရာအရ တိုက်ခိုက်လိုတဲ့ ရည်ရွယ်ချက်အပြင် ဒီမိုကရေစီလိုလားတဲ့ ပြည်သူလူထုအများစုကို စိတ်အနှောင့်အယှက်ပြုရာလည်းရောက်၊ နိုင်ငံရေးအာရုံလွှဲရာလည်း ရောက်၊ သူတို့အတွက် အလွန်အမင်း လိုအပ်နေတဲ့ စစ်စရိတ် ဘဏ္ဍာငွေကြေး ဖြည့်တင်းရာလည်း ရောက်အောင် မြန်မာနိုင်ငံအတွင်းက သူတို့ကို မလွန်ဆန်နိုင်တော့တဲ့ ခရိုနီတွေကို ဧဓားပြတိုက်ပြီး ဇွတ်ဝယ်ယူခိုင်းမှာမို့ ခဲတလုံးနဲ့ ငှက် ၅ ကောင်ကို ပစ်တဲ့သဘော ဖြစ်ပါတယ်။
ဒါကြောင့် ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် တပြည်လုံးရဲ့ ရန်သူ စစ်ဓားပြဂိုဏ်းဟာ သူတို့ရဲ့ ခိုးရာပါ တိုက်ရာပါ ပစ္စည်းတခုလည်းဖြစ်၊ ဒီမိုကရေစီ သမိုင်းအမွေအနှစ်တခုလည်းဖြစ်တဲ့ ပါဝါ ၅၄ ကို အရှက်ကင်းမဲ့စွာ လေလံတင်ပြီး ထုခွဲရောင်းချဖို့ မိုက်မိုက်မဲမဲ ကြံစည်လာတာ ဖြစ်ပါတယ်။ မူလ ပထမ စစ်အာဏာရှင်နေဝင်းတုန်းကလည်း ဒီမိုကရေစီ သမိုင်းအမွေအနှစ်ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းက ကျောင်းသားသမဂ္ဂအဆောက်အအုံကို မိုင်းနဲ့ ခွဲဖြိုချခဲ့ဖူးပါတယ်။
အခုလည်း အာဏာရူး မင်းအောင်လှိုင်တို့ စစ်ဓားပြဂိုဏ်းနဲ့ မျိုးရိုးဂုဏ်ကို မထောက်ထားဘဲ ဦးအောင်ဆန်းဦးဟာ လူထုရန်သူ စစ်တိရစ္ဆာန်တွေနဲ့ ပူးပေါင်းလက်တွဲလို့ မလုပ်သင့်တဲ့ အလုပ်ကို လုပ်ဖို့ နိုင်ငံတော်အဆင့် ဓားပြတိုက်ရာပါ ၂၁ ရာစု ဒီမိုကရေစီ သမိုင်းအမွေအနှစ်ကို လေလံတင် ရောင်းချထုခွဲလိုမှုဟာ ဖျက်မရတဲ့ သမိုင်းအမည်းကွက်အဖြစ် ကျန်ရစ်ပြီး နာမည်ဆိုးနဲ့ ကမ္ပည်းတင်ရစ်မှာ ဖြစ်ပါတယ်။ လေလံတင်ပွဲကို စီမံသူ၊ လေလံပွဲ ဖြစ်မြောက်အောင် ပါဝင်ကူညီသူ၊ လေလံဝင်ပြိုင်သူ၊ လေလံအောင်ပြီး တိုက်ရာပါပစ္စည်း ဝယ်ယူသူ အားလုံးဟာ ငွေကြေးလည်းဆုံး၊ သိက္ခာလည်းရှုံးပြီး အကျိုးမဲ့ရမယ့်အပြင် သိတတ်နားလည်ကြတဲ့ မြန်မာပြည်သူလူထုကြီးရဲ့ အပြစ်ပေးမှုကို သားစဉ်မြေးဆက် ဘဝတလျှောက်လုံး ခံစားကြရမှာ ဖြစ်ပါကြောင်း။