အခု ၂၀၂၅ ခုနှစ်၊ နှစ်သစ်ဟာ လူသားမျိုးဆက်တခုရဲ့ စာမျက်နှာသစ်ကို စတင် ဖွင့်လှစ်လိုက်မှုလည်း ဖြစ်ပါတယ်။ အခုနှစ်မှာ မွေးဖွားလာတဲ့ ကလေးငယ်တွေဟာ လူသားမျိုးနွယ်ရဲ့ နောက်ဆုံးမြောက် မျိုးဆက်သစ်လေးတွေ ဖြစ်လာပြီး ၂၀၂၅ ခုနှစ်နဲ့ ၂၀၃၉ ခုနှစ်ကြား မွေးဖွားတဲ့ ကလေးတွေကိုတော့ ဂျန်နရေးရှင်း ဘီတာ (Generation Beta) လို့ သတ်မှတ်ထားပါတယ်။
အတိုကောက်အနေနဲ့ ဂျန် ဘီတာ (Gen Beta) လို့ခေါ်တဲ့ မျိုးဆက်သစ် ကလေးငယ်တွေဟာ ဂျန်ဇီ (Gen Z) နဲ့ ဂျန်ဝိုင် (Gen Y) တို့ရဲ့ သားသမီးတွေ ဖြစ်လာပြီး လာမယ့် ၂၀၃၅ ခုနှစ်အရောက်မှာ ဂျန်ဘီတာ အရေအတွက်ဟာ ကမ္ဘာ့လူဦးရေရဲ့ ၁၆ ရာခိုင်နှုန်းအထိ ရှိလာနိုင်တယ်လို့ မျိုးဆက်ချိတ်ဆက်မှုဆိုင်ရာ လေ့လာသုံးသပ်သူ Mark McCrindle ဦးဆောင်တဲ့ ဩစတြေးလျ လူမှုရေးရာ သုတေသီအဖွဲ့ McCrindle က ခန့်မှန်းထားပါတယ်။
ဂျန်ဘီတာမျိုးဆက်တွေဟာ ၂၂ ရာစုအထိ နေထိုင်သွားရနိုင်ဖွယ်ရှိပြီး အခု ၂၀၂၅ ခုနှစ်မှာ မွေးဖွားတဲ့ ကလေးငယ်တွေအနေနဲ့ လာမယ့် ၂၁၀၁ ခုနှစ်ဝန်းကျင်မှာ အသက် ၇၆ နှစ်အရွယ်ကို ရောက်ရှိနေမှာ ဖြစ်ပါတယ်။
တနည်းအားဖြင့် ဂျန်ဘီတာကို ခေတ်သစ်တခုရဲ့ အရုဏ်ဦးလို့လည်း ဆိုနိုင်ပါတယ်။ သူတို့တွေဟာ လက်ရှိ နည်းပညာတွေထက် အဆပေါင်းများစွာ တိုးတက်လာမယ့် ဒီဂျစ်တယ် နည်းပညာသစ်တွေနဲ့ ဆင့်ကဲပြောင်းလဲလာတဲ့ လူမှုရေး စံသတ်မှတ်ချက်တွေအောက်မှာ ရှင်သန် ကြီးပြင်းသွားကြရမှာပါ။
ဘာကြောင့် ဂျန်ဘီတာလို့ ခေါ်တာလဲ
၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၂၄ ခုနှစ်ကြား မွေးဖွားခဲ့သူတွေကို ဂျန်အယ်လ်ဖာ (Gen Alpha) လို့ နာမည်ပေးထားတဲ့အတွက် ဂရိအက္ခရာစဉ်အရ အခုမျိုးဆက်ကို ဂျန်ဘီတာလို့ သတ်မှတ်ထားတာပါ။ နောက်ပြီး အယ်လ်ဖာနဲ့ ဘီတာ မျိုးဆက်တွေဟာ အရင်ကနဲ့ လုံးဝမတူခြားနားတဲ့ ကမ္ဘာကြီးရဲ့ ပုံသွင်းမှုကိုခံရတဲ့ ပထမဆုံး မျိုးဆက်တွေဖြစ်ပြီး နည်းပညာနဲ့ ပေါင်းစပ်ထားတဲ့ ကမ္ဘာသစ်မှာ လူလားမြောက်ရမယ့် မျိုးဆက်တွေ ဖြစ်တာကြောင့်လည်း အခုလို ခေါ်ဆိုတာ ဖြစ်နိုင်ပါတယ်။
သူတို့ရဲ့ လိုအပ်ချက်တွေ၊ တန်ဖိုးတွေနဲ့ နှစ်သက်သဘောကျမှုတွေကို နားလည်နိုင်မှသာ အနာဂတ် လူ့အဖွဲ့အစည်းကို သူတို့ ဘယ်လိုပုံဖော်သွားမလဲဆိုတာ မျှော်တွေး တွက်ဆနိုင်မှာ ဖြစ်ပါတယ်။ ဒါဆို ဂျန်ဘီတာတွေဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေ ဖြစ်လာနိုင်ပြီး ဘယ်လိုအရာတွေက သူတို့ရဲ့ တန်ဖိုးတွေ၊ အပြုအမူတွေနဲ့ အနာဂတ်မျှော်မှန်းချက်တွေကို ပုံဖော်သွားမလဲဆိုတာ ဆက်ပြီး ကြည့်ကြရအောင်ပါ။
နည်းပညာလွှမ်းခြုံကမ္ဘာရဲ့ ပုံဖော်မှု
ဂျန်ဘီတာတွေအတွက် ဒီဂျစ်တယ်နဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုးတက်မှုက အကန့်အသတ်မဲ့ ဖြစ်လာမှာပါ။ ရှေ့ကမျိုးဆက်ဖြစ်တဲ့ ဂျန်အယ်လ်ဖာတွေဟာ စမတ်နည်းပညာနဲ့ အသိဉာဏ်တု (AI) နည်းပညာတွေ ပွင့်လန်းလာမှုကို စတင် အကျွမ်းတဝင်ရှိလာချိန်မှာ ဂျန်ဘီတာတွေကတော့ AI နည်းပညာနဲ့ အလိုအလျောက်စနစ်တွေနဲ့ ပုံဖော်ထားတဲ့ ခေတ်သစ်တခုမှာ နေထိုင်လုပ်ကိုင် ဖြတ်သန်းသွားကြရမှာ ဖြစ်ပါတယ်။ ပညာသင်ကြားရေး၊ လုပ်ငန်းခွင်နေရာတွေကစလို့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဖျော်ဖြေရေးကဏ္ဍတွေအဆုံး နေ့စဉ်လူမှုဘဝရဲ့ နယ်ပယ်အားလုံးနီးပါးမှာ AI စနစ်နဲ့ နည်းပညာသုံး အီလက်ထရွန်နစ် ပစ္စည်းကိရိယာတွေက နေရာယူထားမှာပါ။
သူတို့တွေဟာ အလိုအလျောက် သယ်ယူပို့ဆောင်ရေးစနစ်တွေ၊ ဝတ်ဆင်လို့ရတဲ့ ကျန်းမာရေးဆိုင်ရာ နည်းပညာတွေနဲ့ virtual ပုံရိပ်ယောင်ပတ်ဝန်းကျင်တွေကို ပုံစံခွက်တခုအနေနဲ့ နေ့စဉ်ကြုံတွေ့ရနိုင်တဲ့ ပထမဆုံးမျိုးဆက် ဖြစ်လာနိုင်ခြေ ရှိပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ လိုအပ်ချက်၊ ပြုမှုနေထိုင်မှုနဲ့ နှစ်သက်သဘောကျမှုတွေအပေါ် အခြေခံပြီး AI အယ်လ်ဂိုရီသမ်တွေက သူတို့ရဲ့ နေ့စဉ်ဘဝနဲ့ အံဝင်ခွင်ကျဖြစ်အောင် စီမံပေးထားမယ့် အနေအထား ရှိပါတယ်။
ဒီကနေ့ မျက်မှောက်ကာလရဲ့ မိဘအုပ်ထိန်းမှုနယ်ပယ်ကို ကြည့်မယ်ဆိုရင် နည်းပညာဟာ အကောင်းနဲ့အဆိုး ဒွန်တွဲနေတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ တဖက်မှာတော့ အထူးသဖြင့် ဂျန်နရေးရှင်းဝိုင်မျိုးဆက် မိဘတွေဟာ သားသမီးတွေရဲ့ ပညာရေး၊ ဆက်သွယ်ရေးနဲ့ ဖျော်ဖြေရေးအတွက် နည်းပညာကို ကိရိယာတခုလို အသုံးချလာလျက် ရှိပါတယ်။ ဒါပေမဲ့ အခြားတဖက်မှာလည်း နည်းပညာနဲ့ဆက်စပ်ပြီး ကျရောက်လာနိုင်တဲ့ အန္တရာယ်တွေကို မိဘတွေအနေနဲ့ အမြဲ သတိချပ်နေရသလို သားသမီးတွေရဲ့ အသက်အရွယ်အလိုက် စမတ်ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ၊ တီဗွီ စတဲ့ ပစ္စည်းကိရိယာတွေ ကြည့်ရှုအသုံးပြုမှုကြာချိန် screen time ကို ချိန်ဆတွက်ချက်ပြီး ပြင်ပ ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ လူမှုပေါင်းသင်း ဆက်ဆံရေးတွေမှာလည်း ဟန်ချက်ညီ ပြုမူနေထိုင်နိုင်အောင် ကြိုးပမ်းနေကြရပါတယ်။
ဂျန်ဝိုင်မိဘတွေထက်စာရင် နည်းပညာနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိကြတဲ့ ဂျန်ဇီမိဘတွေက လူမှုမီဒီယာရဲ့ အကျိုးအပြစ်တွေကို ပိုမိုသိရှိနားလည်ကြပါတယ်။ ဒါကြောင့်ပဲ ကလေးငယ်တွေရဲ့ screen time ကန့်သတ်မှုအပေါ် သဘောတူ ထောက်ခံမှုနှုန်းကို ကြည့်မယ်ဆိုရင် ဂျန်ဇီမိဘတွေက ဂျန်ဝိုင်မိဘတွေထက် ရာခိုင်နှုန်း ပိုမိုမြင့်မားနေတာကို တွေ့ရနိုင်ပါတယ်။
ပြောင်းလဲနေတဲ့လူ့အဖွဲ့အစည်းမှာ ကြီးပြင်းလာရမှု
ဂျန်ဘီတာဟာ နည်းပညာအပြင် ရာသီဥတုပြောင်းလဲမှု၊ ကမ္ဘာ့လူဦးရေပြောင်းလဲမှုနဲ့ မြို့ပြအခြေချနေထိုင်မှုတွေ တဟုန်ထိုး တိုးပွားလာမှုကိစ္စတွေ အပါအဝင် လူ့အဖွဲ့အစည်းဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ နပန်းလုံးနေရတဲ့ ကမ္ဘာကြီးရဲ့ ကောင်းမွေဆိုးမွေတွေကိုလည်း ဆက်ခံသွားရဖို့ရှိနေပြီး သူတို့ရဲ့ သက်တမ်းကာလအတွင်းမှာ ရေရှည်တည်တံ့ ကောင်းမွန်တဲ့ ဖြေရှင်းချက်တွေနဲ့ တီထွင်ဆန်းသစ်မှုတွေ အကောင်အထည်ဖော် ဖြည့်ဆည်းပေးသွားရဖို့ ရှိနေပါတယ်။
ဂျန်ဘီတာတွေဟာ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုဆိုင်ရာ သတိရှိမှုနဲ့ လိုက်လျောညီထွေရှိမှုတို့ကို ရှေ့တန်းတင် စဉ်းစားလေ့ရှိတဲ့ ဂျန်ဝိုင်နဲ့ ဂျန်ဇီမိဘတွေက ပြုစုပျိုးထောင်ပေးသွားမယ့် မျိုးဆက်ဖြစ်တဲ့အတွက် ရာသီဥတုပြောင်းလဲမှုလို ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အရင်ကမျိုးဆက်တွေထက် လူမှုအသိုက်အဝန်းကို အခြေပြုပြီး ပိုမိုအားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ကိုင်နိုင်လိမ့်မယ်လို့ McCrindle သုတေသီအဖွဲ့က ခန့်မှန်းထားပါတယ်။
နည်းပညာတွေ ကြီးစိုးထားတဲ့ ကမ္ဘာကြီးမှာ မွေးဖွားလာပြီး ဒီဂျစ်တယ်ပေါင်းစည်းမှုက ပင်မရေစီးကြောင်းလို ဖြစ်လာမယ့်ခေတ်မှာ ရှင်သန်ကြီးပြင်းလာရမယ့် ဂျန်ဘီတာတွေအနေနဲ့ မြန်နှုန်းမြင့် ဒီဂျစ်တယ် ဆက်သွယ်ချိတ်ဆက်မှုတွေနဲ့ လူသားဆန်တဲ့ စိတ်ခံစားမှုတွေကြား ဟန်ချက်ညီအောင် ပဲ့ကိုင် ထိန်းကျောင်းသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ခေတ်ရှေ့ပြေး နည်းပညာတွေနဲ့အတူ ကျားမတန်းတူညီမျှမှု၊ မတူကွဲပြားမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကိစ္စတွေ အပါအဝင် ပြောင်းလဲလာတဲ့ လူမှုရေးစံနှုန်းတွေနဲ့ ပုံဖော်ထားတဲ့ ကမ္ဘာကြီးအပေါ် သူတို့တွေရဲ့ ရှုမြင်ပုံတွေ၊ တုံ့ပြန်ဆောင်ရွက်မှုတွေ၊ ဆုံးဖြတ်ချက်တွေနဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေဟာ လူ့အဖွဲ့အစည်းရဲ့ အနာဂတ် ဦးတည်ရာ လမ်းကြောင်းအတွက် အသက်တမျှ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားနိုင်ဖွယ် ရှိပါတယ်။ မျိုးဆက်သစ်တွေအပေါ် နားလည်နိုင်မှုဟာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ပုံဖော်နိုင်မယ့် အဓိကသော့ချက်လည်း ဖြစ်ပါတယ်။
မျိုးဆက်ပိုင်းခြားသတ်မှတ်မှု
မျိုးဆက်ပိုင်းခြား သတ်မှတ်မှုဟာ လူသိများတဲ့ ယဉ်ကျေးမှုတခုဆိုတာထက် လူမှုရေးသိပ္ပံပညာရပ်ကနေ ဆင်းသက်လာတာလို့ ဆိုပါတယ်။ မွေးဖွားတဲ့ခုနှစ်ကိုကြည့်ပြီး အခုလို ဆုံးဖြတ်သတ်မှတ်တာဟာ ပြီးပြည့်စုံတဲ့ နည်းလမ်းတခု မဟုတ်ပေမဲ့ ကမ္ဘာလုံးဆိုင်ရာ ဒါမှမဟုတ် နိုင်ငံတနိုင်ငံရဲ့ လူဦးရေအချိုးအစား၊ လုပ်သားအင်အား၊ အငြိမ်းစားဦးရေနဲ့ လူတယောက်ရဲ့ အသက်အရွယ် အပိုင်းအခြားကို တွက်ချက်ရာမှာ သုတေသီတွေနဲ့ မူဝါဒရေးဆွဲသူတွေအတွက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စတဲ့ နယ်ပယ်အားလုံးဟာလည်း မျိုးဆက်အလိုက် ဆင့်ကဲပြောင်းလဲနေတာပါ။ ယဉ်ကျေးမှုနယ်ပယ်ကိုပဲ ဥပမာအနေနဲ့ ကြည့်မယ်ဆိုရင် ရေဒီယို၊ ကက်ဆက်နဲ့ CD ဓာတ်ပြားခေတ်ကနေ လူမှုမီဒီယာ ပလက်ဖောင်းတွေနဲ့ တိုက်ရိုက် ထုတ်လွှင့် ကြည့်ရှုခံစားနိုင်တဲ့ live streaming တွေအထိ တိုးတက် ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၁၀၀ အတွင်း နှစ်ကာလ အပိုင်းအခြားအလိုက် မျိုးဆက်တွေကို အခုလို ၈ ပိုင်း ခွဲခြား သတ်မှတ်ထားပါတယ်။
1. Greatest Generation: 1901-1927
2. Silent Generation: 1928-1945 (age 80+)
3. Baby Boomers: 1946-1964 (age 61-79)
4. Generation X: 1965-1979 (age 46-60)
5. Generation Y: 1980-1994 (age 31-45)
6. Generation Z: 1995-2009 (age 16-30)
7. Gen Alpha: 2010-2024 (age 15 and under)
8. Gen Beta: 2025-2039
ဂျန်ဘီတာအလွန်မှာ နောက်မျိုးဆက်က ဘာဖြစ်လာမလဲဆိုတော့ အပေါ်မှာပြောခဲ့သလို ဂရိအက္ခရာစဉ်နဲ့ ၁၅ နှစ် သက်တမ်းကာလ အပိုင်းအခြားအလိုက် ဘီတာပြီးရင် ဂမ်မာ (Gen Gamma: 2040-2054)၊ ဒယ်လ်တာ (Gen Delta: 2055-2069) စသဖြင့် မျိုးဆက်သစ်တွေ အသီးသီး ထွက်ပေါ်လာဦးမှာ ဖြစ်ပါတယ်။
ဂရီတာခရော့စ်
ဘာသာပြန်- ရာစုသစ်
Ref: USA TODAY
(USA TODAY သတင်းဝက်ဘ်ဆိုက်မှာ သတင်းထောက် Greta Cross ရေးသားထားတဲ့ “Welcome Gen Beta: A new generation of humanity starts in 2025” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)