မဲစာရင်းမှားယွင်းတယ်လို့ စွပ်စွဲပြီး အာဏာသိမ်းလိုက်တာဟာ ကိုဗစ်မတိုင်ခင် တိုးတက်စပြုနေတဲ့ မြန်မာ့စီးပွားရေးကို အလဲထိုးလိုက်သလို ဖြစ်သွားပါတယ်။ အာဏာသိမ်းတာ လေးနှစ်နီးပါး ဖြစ်လာချိန်မှာ အာဏာသိမ်းမှု ဆန့်ကျင်သူတွေသာမက အာဏာသိမ်းမှုကို ထောက်ခံသူတွေကပါ စီးပွားရေးကျပ်တည်းမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကို ထုတ်ပြော ဝေဖန်လာကြပါတယ်။ ဒါပေမဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ တိုင်းပြည်ဟာ လျှပ်စစ်မီးနပ်မမှန်ချိန်မှာ လျှပ်စစ်ကား၊ လျှပ်စစ်ရထားတွေနဲ့ လျှပ်စစ်အိပ်မက်မက်ပြီး နိုင်ငံစီးပွားရေးဟာ ပြန်ဦးမော့လာပြီလို့ပါ ပြောလိုက်ပါသေးတယ်။
ဒါပေမဲ့ သူပြောသလိုပဲ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ အမှန်တကယ် တိုးတက်လာခဲ့ပါသလား။ ပြည်သူတွေ စားဝတ်နေရေး ချောင်လည်လာခဲ့ပါသလား။
စီးပွားရေးဦးမော့လာပြီဆိုတဲ့ စစ်ခေါင်းဆောင်နဲ့ လက်တွေ့ကိန်းဂဏန်းများ
“စီးပွားရေးပြန်လည်နာလန်ထူမှုဖြစ်အောင် အားသွန်ခွန်စိုက် ကြိုးစားခဲ့တဲ့အတွက် ကျနော်တို့ စီးပွားရေး နာလန်ထူတာလည်း ရှိပါတယ်။ ဒီအတွက်လည်း တော်တော်လေး ကျနော်တို့ ရုန်းကန်ခဲ့ရတာ ရှိပါတယ်။ ၂၀၂၁-၂၂-၂၃ တောက်လျှောက်ကို စီးပွားရေး ပြန်လည်ဦးမော့လာတဲ့ အခြေအနေတော့ ကျနော်တို့ ရရှိခဲ့ပါတယ်။”
ဒါကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ရုရှားနိုင်ငံ TAR-TASS Media နဲ့ ပြီးခဲ့တဲ့ မတ်လက အင်တာဗျူးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောဆိုခဲ့တာပါ။ ကိုဗစ်ကြောင့်တင် မဟုတ်ဘဲ ၂၀၁၈ ခုနှစ်လောက်ကတည်းက စီးပွားရေး စီမံခန့်ခွဲမှု အားနည်းချက်တွေကြောင့် စီးပွားရေး ကျဆင်းခဲ့ပြီး စကစလက်ထက်မှာမှ စီးပွားရေး ပြန်လည်ဦးမော့လာခဲ့တာလို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာတော့ လာမယ့် မတ်လမှာ ကုန်ဆုံးမယ့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ ၁ ရာခိုင်နှုန်း လျော့ကျမယ်လို့ ခန့်မှန်းထားပါတယ်။ အခုလို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လျော့ကျတာဟာ သဘာဝဘေး၊ ဆက်လက်ဖြစ်ပွားဆဲ ပဋိပက္ခနဲ့ အခြေခံကုန်စည် ရှားပါးတာတွေက နိုင်ငံစီးပွားရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ဘဏ်က ခန့်မှန်းတွက်ချက်ထားတဲ့ မြန်မာ့စီးပွားရေးတိုးတက်မှု ကိန်းဂဏန်းတွေကတော့ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ၆ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ အနုတ် ၉ ရာခိုင်နှုန်း၊ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှာ အနုတ် ၁၂ ရာခိုင်နှုန်း၊ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာ ၄ ရာခိုင်နှုန်း၊ ၂၀၂၃-၂၄ မှာ ၁ ရာခိုင်နှုန်း၊ ၂၀၂၄-၂၅မှာ အနုတ် ၁ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းထားတာပါ။
ဒါပေမဲ့ စစ်ကောင်စီရဲ့ ကိန်းဂဏန်းတွေကတော့ အတက်ဘက်ပဲ ပြနေပါတယ်။ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၃ ဒသမ ၂ ရာခိုင်နှုန်း၊ အာဏာသိမ်းကာလ ပါဝင်တဲ့ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်း၊ ၂၀၂၁-၂၂ (၆လ)မှာ ၂ ဒသမ ၄ ရာခိုင်နှုန်း၊ ၂၀၂၂-၂၃မှာ ၃ ဒသမ ၄ ရာခိုင်နှုန်း၊ ၂၀၂၃-၂၄ မှာ ၃ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ၂၀၂၄-၂၅ မှာ ၃ ဒသမ ၈ ရာခိုင်နှုန်း လျာထားတယ်လို့ ဆိုထားပါတယ်။
လျော့ကျလာတဲ့ ရင်းနှီးမြှုပ်နှံမှု
အာဏာသိမ်းပြီးကတည်းက စီးပွားရေး လုပ်ကိုင်ရခက်ခဲတာ၊ တိုင်းပြည်မတည်ငြိမ်တာ၊ စီးပွားရေးမူဝါဒတွေ ခိုင်ခိုင်မာမာ မရှိတာတွေကြောင့် ရှိပြီးသား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထွက်သွားတဲ့အပြင် အသစ်ထပ်မံဝင်ရောက်မှုလည်း သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်လာဈေးကိုလည်း ၂,၁၀၀ မှာ နှုန်းထားတခု၊ ၃,၅၀၀ ဝန်းကျင်မှာ နှုန်းထားတခုနဲ့ ပြည်တွင်းကို ဝင်ရောက်လာတဲ့ ဒေါ်လာတွေကို ဈေးဖြတ်နေတာကြောင့် ပို့ကုန်လုပ်ငန်းရှင်ရော ရင်းနှီးမြှုပ်နှံသူတွေပါ အခက်အခဲ ကြုံနေရပါတယ်။
မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်တဲ့ပမာဏဟာ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အစ ဧပြီလကနေ အောက်တိုဘာလကုန်အထိ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၂၆ ဒသမ ၀၈၁ သန်းသာ ဝင်ရောက်ထားပြီး စစ်တပ် အာဏာသိမ်းထားတဲ့ကာလအတွင်း အနည်းဆုံးပမာဏလည်း ဖြစ်ပြီး လွန်ခဲ့တဲ့ ဘဏ္ဍာနှစ်က ဝင်ရောက်တာနဲ့ နှိုင်းယှဉ်ရင် သုံးဆလောက် ကျသွားပါတယ်။
နယ်စပ်ကုန်သွယ်ရေး မလုပ်နိုင်ဘဲ ရေကြောင်းကို အားကိုးလာရတဲ့ ကုန်သွယ်ရေး
အခု ဘဏ္ဍာနှစ်မှာ ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၇ ဘီလီယံ၊ သွင်းကုန်တန်ဖိုး ၁၆ ဒသမ ၃ ဘီလီယံ ရရှိရမယ်လို့ လျာထားပြီး ကုန်သွယ်မှုပိုငွေ သန်း ၄၀၀ ရှိမယ်လို့ စစ်ကောင်စီက မျှော်မှန်းထားပါတယ်။ အလားတူပဲ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်မှာ ပို့ကုန် ပိုငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရှိမယ်လို့ ခန့်မှန်းထားခဲ့ပေမဲ့ ဘဏ္ဍာနှစ် ကုန်တဲ့အခါမှာတော့ ပို့ကုန်က အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၆ ဘီလီယံ၊ သွင်းကုန်က ၁၅ ဒသမ ၄၇ ဘီလီယံ ရှိခဲ့တာကြောင့် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် လိုငွေပြခဲ့ပါတယ်။
လက်ရှိ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အစ ဧပြီလကနေ နိုဝင်ဘာလကုန်အထိ ၈ လအတွင်း ပို့ကုန်လျာထားချက်ရဲ့ ၆၀ ရာခိုင်နှုန်း ဆောင်ရွက်ထားတယ် ဆိုတဲ့အတွက် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် တင်ပို့ထားတဲ့သဘောပါ။ တဖက်မှာလည်း စစ်ကောင်စီဟာ နယ်စပ်ကုန်သွယ်ရေး စခန်းတွေထဲက အများစုကို လက်လွတ်ထားရတဲ့အတွက် နယ်စပ်ကုန်သွယ်ရေး များများစားစားမရှိဘဲ ပင်လယ်ရေကြောင်းကို အဓိကထား တင်ပို့နေရတဲ့ အနေအထားမှာ ရှိပါတယ်။ တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်းတွေ၊ အိန္ဒိယနယ်စပ် ကုန်သွယ်ရေးစခန်းတွေ၊ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးစခန်းတွေကနေတဆင့် ကုန်သွယ်မှုတွေ မလုပ်နိုင်တော့သလို ထိုင်းနဲ့ကုန်သွယ်တဲ့ နယ်စပ်ကုန်သွယ်ရေး စခန်းတွေထဲမှာ အဓိကကျတဲ့ မြဝတီ ကုန်သွယ်ရေးစခန်းကလည်း အာရှလမ်းမကြီးတလျှောက် တိုက်ပွဲအခြေအနေတွေကြောင့် ကုန်သွယ်မှု ကောင်းကောင်း မလုပ်နိုင်တော့ဘဲ ရန်ကုန်-ကော့သောင်း-ရနောင်း လမ်းကြောင်းကတဆင့် ကုန်သွယ်မှုတွေ လုပ်နေရပါတယ်။ ဒီလိုအနေအထားတွေ ဖြစ်နေတဲ့အတွက် ပို့ကုန်လျာထားချက်ရဲ့ ကျန် ၄၀ ရာခိုင်နှုန်းဖြစ်တဲ့ ဒေါ်လာ ၆ ဒသမ ၇ ဘီလီယံဖိုးကို လက်ကျန် ၄ လအတွင်း တင်ပို့နိုင်မလား မေးခွန်းထုတ်စရာပါ။
စစ်ခေါင်းဆောင်ကတော့ လက်ကျန်ကာလအတွင်း လျာထားချက်ပြည့်မီအောင် တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမယ့်အပြင် ပို့ကုန် ၂ ဆ တိုးမြှင့်နိုင်အောင် ဆောင်ရွက်ကြရမယ်လို့ လမ်းညွှန်ထားပါတယ်။ တဖက်မှာလည်း သွင်းကုန်လျှော့ချဖို့ တင်းကျပ်တာတွေ လုပ်နေတဲ့အပြင် တရားမဝင် သွင်းကုန်တွေကြောင့် နိုင်ငံ့စီးပွားရေးထိခိုက်တယ်၊ ကုန်ဈေးနှုန်းတက်တယ်ဆိုပြီး ဖမ်းဆီးတာတွေလုပ်ပြီး ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။
ကုန်ဈေးနှုန်းကြီးမြင့်မှု
တဖက်မှာတော့ ငွေကြေးဖောင်းပွမှု အာဏာမသိမ်းခင်က ၉ ဒသမ ၁ ရာခိုင်နှုန်း ရှိခဲ့ရာက အခုအခါမှာ ၂၆ ရာခိုင်နှုန်းအထိ ရှိလာပါတယ်။ အကျိုးဆက်အနေနဲ့ ကျပ်ငွေတန်ဖိုး ကျဆင်းပြီး ကုန်ဈေးနှုန်းတွေ တက်လာခဲ့ပါတယ်။ အာဏာမသိမ်းခင်က ကြက်ဥတလုံးဟာ ကျပ် ၁၀၀ သာ ရှိခဲ့ပေမဲ့ အခုအခါမှာတော့ ကျပ် ၄၀၀-၅၀၀ ရှိနေပါတယ်။ အလားတူပဲ မြန်မာနိုင်ငံမှာ လူသောက်များတဲ့ ပရီမီယာကော်ဖီမစ်ဟာ အာဏာမသိမ်းခင်က တထုပ် ကျပ် ၁၀၀ သာရှိပေမဲ့ အခုအခါမှာတော့ ကျပ် ၆၀၀-၇၀၀ ကျပ် ရှိလာနေပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက် စကစရဲ့ အစည်းအဝေးမှာ စစ်ခေါင်းဆောင်က “ကုန်ဈေးနှုန်း ကြီးမြင့်မှုများအပေါ် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် စနစ်တကျ စိစစ်ကြပ်မတ် ဆောင်ရွက်ကြရန်လိုကြောင်း” ထည့်ပြောခဲ့တာ တွေ့ရပါတယ်။ အခုလို ကုန်ဈေးနှုန်းကြီးမြင့်တာတွေရဲ့ ဇာစ်မြစ်ကို ကိုင်တွယ်ဖြေရှင်းတာအစား စစ်ကောင်စီဟာ ဈေးနှုန်းတွေကို ရည်ညွှန်းဈေး သတ်မှတ်ပြီး အမိန့်နဲ့ ထိန်းချုပ်ဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။
ဆန်ဈေးနှုန်းတွေ မြင့်တက်လာချိန်မှာ စစ်ကောင်စီဟာ ဆန်ရည်ညွှန်းဈေး၊ စားသုံးဆီဈေး မြင့်တက်ချိန်မှာ ဆီရည်ညွှန်းဈေး၊ ရွှေဈေးတက်ချိန်မှာ ရွှေရည်ညွှန်းဈေး စသဖြင့် သတ်မှတ်ပြီး ဈေးနှုန်းကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ လုပ်သလို မဖြစ်တဲ့အချိန်မှာ ဆန်လုပ်ငန်းရှင်တွေ၊ ဈေးဝယ်စင်တာပိုင်ရှင်တွေ၊ ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးတာ၊ စစ်ဆေးတာ၊ တရားစွဲ အပြစ်ပေးတာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြင်ပဈေးကွက်မှာတော့ ဆန်၊ ရွှေ၊ စားသုံးဆီတွေကို စစ်ကောင်စီ ရည်ညွှန်းဈေးထက် ကျော်လွန်ရောင်းချနေတဲ့ ဆိုင်တွေ အများအပြား ရှိနေပါတယ်။
အလုပ်အကိုင်ရှားပါးမှု
ကုန်ဈေးနှုန်းတက်လာပေမဲ့ ပြည်သူလူထုရဲ့ ဝင်ငွေကတော့ တက်လာခဲ့ခြင်း မရှိသလို အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးနေပါတယ်။ အဲဒီလို ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတာကြောင့် လုပ်နိုင်ကိုင်နိုင်အရွယ် လူငယ်တွေဟာ ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်မှု ပိုမိုများပြားလာပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးနေတဲ့ကြားမှာ စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်တာကြောင့် လူငယ်တွေဟာ ပိုပြီး ဒုက္ခရောက်လာကြပါတယ်။ ဒါကြောင့် ပြည်ပကို နည်းအမျိုးမျိုးနဲ့ ထွက်ဖို့ ကြိုးစားတဲ့ လူငယ်တွေ ပိုမိုများပြားလာတဲ့အခါ စစ်ကောင်စီဟာ နည်းမျိုးစုံသုံးပြီး လူငယ်တွေ ပြည်ပထွက်ခွင့်မရအောင် လုပ်ဆောင်နေပါတယ်။
တဖက်မှာလည်း စစ်ကောင်စီဟာ ပြည်ပမှာ ရောက်နေပြီးသားဖြစ်တဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေဆီက ငွေကို အခွန်ကောက်တာ၊ ပြီးတော့ သူတို့လစာငွေထဲက ၂၅ ရာခိုင်နှုန်းကို အပြင်ကထက်လျော့တဲ့ စစ်ကောင်စီဗဟိုဘဏ် သတ်မှတ်ဈေးနှုန်းနဲ့ ဘဏ်တွေကတဆင့် ပြည်တွင်းက မိသားစုဆီ ပြန်ပို့ခိုင်းတာတွေ လုပ်ပြီး နိုင်ငံခြားငွေကို ရအောင် ယူနေပါတယ်။ ပြည်တွင်းက လူငယ်တွေ ပြည်ပမှာ အလုပ်သွားလုပ်တာများလို့ နိုင်ငံရဲ့ လူသားရင်းမြစ် လျော့ကျသွားပေမဲ့ မြန်မာနိုင်ငံက မိသားစု ၁၀၀ ခုမှာ ၇ ခုဟာ ပြည်ပရောက် အလုပ်သမားတွေဆီကပို့တဲ့ ဝင်ငွေနဲ့ အဓိကရပ်တည်နေရတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းမှု၊ လက်နက်ကိုင်ပဋိပက္ခနဲ့ စီးပွားရေးလားရာ
အာဏာသိမ်းပြီးနောက်မှာ စီးပွားရေး တိုးတက်အောင် ဘယ်လိုဆောင်ရွက်ထားတယ်ဆိုတဲ့ စစ်ခေါင်းဆောင်ရဲ့ စကားတွေဟာ မြေပြင်အချက်အလက်အမှန်နဲ့ ကွဲလွဲနေပါတယ်။ အာဏာသိမ်းမှုရဲ့ အကျိုးဆက်ကြောင့် နိုင်ငံအနှံ့မှာ ပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး နိုင်ငံ့စီးပွားရေးဟာ ကဏ္ဍပေါင်းစုံ ထိခိုက်နေဆဲပါ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထွက်တာ၊ နိုင်ငံတကာ အကူအညီမရတာ၊ ပို့ကုန်တွေ လျော့ကျတာတွေကြောင့် ပြည်တွင်းကို နိုင်ငံခြားငွေဝင်ရောက်မှု လျော့ကျနေပါတယ်။ တဖက်မှာ သွင်းကုန်တွေနဲ့ စစ်လက်နက်ပစ္စည်း ဝယ်ယူမှုတွေအတွက် နိုင်ငံခြားငွေလိုအပ်ချက် များပြားလာတာကြောင့် နိုင်ငံရဲ့ နိုင်ငံခြားငွေအရန်ထားရှိမှု လျော့ပါးကာ နိုင်ငံခြားငွေဈေးကွက် ထိခိုက်လာပြီး ဒေါ်လာဈေး တက်လာပါတယ်။ ဒေါ်လာဈေးတက်တာနဲ့ ဆက်စပ်ပြီးတော့ သွင်းကုန်တွေ ဈေးတက်သလို တခြား ကုန်ဈေးနှုန်းတွေလည်း တက်လာပါတယ်။ စစ်ကောင်စီဟာ အထက်မှာ တင်ပြခဲ့သလို အဲဒီလို အထွေထွေကုန်ဈေးနှုန်း မြင့်တက်တာတွေကို ထိရောက်တဲ့ မူဝါဒတွေအစား အမိန့်အာဏာသုံးပြီး ထိန်းချုပ်ဖို့ ကြိုးစားခဲ့တာပါ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ အခု ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ လေးနှစ်တာကာလအတွင်းမှာ စစ်ကောင်စီဟာ ငါးပွက်ရာ ငါးစာချ မူဝါဒနဲ့ အာဏာသုံးပြီး အရာရာထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမဲ့ အရာမထင်ခဲ့ပါဘူး။
ကမ္ဘာ့ဘဏ်ကတော့ မြန်မာ့စီးပွားရေးအလားအလာက အားတက်စရာမရှိဘူးလို့ ခန့်မှန်းထားပါတယ်။
အနှစ်