ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းဘက်ကို စစ်ကူပို့တဲ့ စစ်ကောင်စီ ယာဉ်တန်းနဲ့ လုံခြုံရေးလိုက်ပါတဲ့ အင်အား ၄၀ လောက်ပါတဲ့ စစ်ကြောင်းကို နိုဝင်ဘာ ၂၀ ရက်က လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA- Magway) က တိုက်ခိုက်ခဲ့တာကြောင့် သေဆုံး ဒဏ်ရာရရှိသူတွေ ရှိတယ်လို့ PRA- Magway ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့ချိန်က ၁၅ မိနစ်လောက် ကြာမြင့်ခဲ့ပြီး အဲဒီအထဲမှာ စစ်ကောင်စီဘက်က တပ်ကြပ်ကြီး အပါအဝင် ၉ ယောက်သေဆုံးပြီး ၁၀ ယောက်လောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
PRA- Magway ရဲ့ ပြန်ကြားရေးတာဝန်ခံက “မနေ့က ယာဉ်တန်းတက်တဲ့အချိန်မှာ ကားပျက်လို့ ကျန်ခဲ့တဲ့ အင်အားတွေနဲ့ အရင်က အမ်း - ပဒါန်း လမ်းပိုင်းကိုလုံခြုံရေးယူထားတဲ အင်အားတွေ ဂုတ်ကြီးဘက်ကို တက်လာတဲ့အချိန်မှာ ကျနော်တို့ တိုက်ခိုက်ခဲ့တာ စုစုပေါင်း အင်အား ၄၀ လောက်ပါတယ်။ အယောက် ၄၀ မှာ ၂၅ ယောက်လောက်က ကျနော်တို့သတ်ကွင်းထဲကို ရောက်လာတဲ့အချိန်မှာ စတင်ပြီးတိုက်ခိုက်ခဲ့တယ်” လို့ ပြောပါတယ်။
အဲဒီ စစ်ကောင်စီ စစ်ကြောင်းက အမှတ် ၉၀၅ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တပ်တွေနဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်း သင်တန်းဆင်း တပ်ဖွဲဝင်တွေ ပူးပေါင်းထားတဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း သိရပါတယ်။
အမ်း-ပဒါန်း လမ်းပိုင်းတလျှောက်မှာလည်း စစ်ကောင်စီ သွားလာလို့မရအောင် တိုက်ခိုက်မှုတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
“အမ်း - ပဒါန်းလမ်းပိုင်းက ကျနော်တို့ရဲ့ စစ်ရေး ရည်မှန်းချက်တခုဖြစ်တယ်၊ လက်ရှိ လှုပ်ရှားမှုတွေက ဒီရည်မှန်းချက်ရဲ့ ရှေ့ပြေးလှုပ်ရှားမှုတွေဖြစ်တယ်၊ ကျနော်တို့ရဲ့စစ်ရေး ရည်မှန်းချက်တွေ အောင်မြင် ပေါက်ရောက်အောင် တဖွဲ့တည်းဖြစ်စေ၊ မဟာမိတ်ပူးပေါင်း၍ဖြစ်စေ ဆက်လက်ပြီး တိုက်ပွဲဝင်သွားဦးမှာပါ” လို့ PRA- Magway ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
လက်ရှိမှာလည်း အာရက္ခတပ်တော် (AA) က အမ်းမြို့သိမ်းတိုက်ပွဲကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပြီးတော့ စစ်ကောင်စီဘက်ကလည်း အမ်းမြို့မကျရအောင် စစ်ကူအင်အားအလုံးအရင်းနဲ့ ဖြည့်တင်းနေပါတယ်။