တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ ၊ ဆိပ်ဖူးကျေးရွာမှာ ရွာခံအမျိုးသားတဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၂ ရက်က ဆိပ်ဖူးကျေးရွာကို ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရွာမှာရှိတဲ့အမျိုးသားတွေကို စစ်ဆေးမေးမြန်းခဲ့ပြီး အမျိုးသားတဦးကိုတော့ ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့အမျိုးသားဖြစ်သူက ဆိပ်ဖူးရွာထဲ စစ်ကြောင်းဝင်လာပြီး စစ်ဆေးနေစဥ် တရွာတည်းနေ သူငယ်ချင်းဖြစ်သူကို ဖုန်းဆက်ရင်း အသိပေးခဲ့တာကြောင့် သတင်းပေးသူဆိုပြီး အတင်းလိုက်ရှာဖွေ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “သူ့သူငယ်ချင်းနဲ့ ကျန်တဲ့လူတွေကျတော့ မဖမ်းခံရပါဘူး။ သူ့တယောက်တည်း ဖမ်းခံရပြီး အခုထိမလွတ်သေးဘူး။ ကားကိုတော့ အချောဆွဲတဲ့ ပုံစံမျိုးနဲ့သိမ်းလိုက်တယ်” လို့ ပြောပါတယ်။
ဒီ့မတိုင်ခင် နိုဝင်ဘာ ၁၁ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်မှာ ခမောက်ကြီးတပ်နယ်က အင်အား ၈၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ အောင်ချမ်းသားကျေးရွာအနီးကို ရောက်တဲ့အချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကော့သောင်းပကဖအဖွဲ့က ထုတ်ပြန်ထားပါတယ်။
မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီဘက်က ၆ ဦးသေဆုံးကာ ၁၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး ခမောက်ကြီးမြို့ဘက်ကို ကားနဲ့ တင်ဆောင်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ရေး သားဖော်ပြထားပါတယ်။
ကော့သောင်းပကဖအဖွဲ့ပြန်ကြားရေးတာဝန်ခံက “မိုင်းဆွဲပြီးတော့ ပစ်ခတ်မှု ၁၅ မီနစ်လောက်ဖြစ်သေးတယ်။ အခုဆိုမာရမ်းရွာဘက်မှာ စစ်ကြောင်းက နယ်မြေရှင်းလင်းရေး လုပ်နေတယ်”လို့ ပြောပါတယ်။
မိုင်းဆွဲခံရပြီး နောက်တနေ့မှာပဲ စစ်ကောင်စီတပ်ဟာ ဆိပ်ဖူးကျေးရွာကို စစ်ကြောင်းထိုးသွားပြီးတော့ အရပ်သားပြည်သူတွေကို စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
အဲ့ဒီနောက် ဆိပ်ဖူးရွာကတဆင့် မာရမ်းကျေးရွာဘက်ကို ဆက်လက်စစ်ကြောင်းထိုးပြီးတော့ ဖမ်းဆီးထားတဲ့ အမျိုးသားနဲ့ကားကိုပါ စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်သွားကာ မာရမ်းရဲစခန်းမှာပဲ ထိန်းသိမ်းထားတယ်လို့ ဒေသခံတဦးက ဆိုပါတယ်။
ကော့သောင်းမြို့နယ်အတွင်း စစ်ရေးတင်းမာနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာကြဖို့ကို ကော့သောင်းပကဖအဖွဲ့က ထုတ်ပြန်ထားပါတယ်။