Home
မြန်မာသတင်း
ငါန်းဇွန်မြို့နယ်၌ စစ်ကောင်စီလေတပ်က မြေပြင်စစ်ကြောင်းကို မှားယွင်းပစ်ခတ်
DVB
·
October 22, 2024
Photo-DK-PDF MMU

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အောက်တိုဘာ ၂၀ ရက် မနက် ၉ နာရီ၀န်းကျင်က စစ်ကောင်စီလေတပ်ရဲ့ လေကြောင်းပစ်ကူဟာ မြေပြင်စစ်ကြောင်းကို မှားယွင်းပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့၀င် အများအပြား သေဆုံး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Dog Killers People's Defence Force Myinmu (DK PDF MMU) ရဲ့ ပြန်ကြားရေးတာ၀န်ခံတယောက်က “စစ်ကောင်စီစစ်ကြောင်းက ငါန်းမြာကြီးရွာဘက်ကို အင်အား ၁၀၀ နီးပါးနဲ့စစ်ကြောင်းထိုးလာတာကိုသတင်းရလို့ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက ကြိုစောင့်ပြီး တိုက်ခဲ့တာ။ သူတို့ဘက်က အတော်လေးအထိနာတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်နေစဥ် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ဘက်က ခဲယမ်းမလုံလောက်မှုတွေရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

DK PDF-MMU ရဲ့ စစ်ကြောင်းတာ၀န်ခံတဦးက“ကျနော်တို့ဘက်က တရစပ်ပစ်တော့ သူတို့ဘက်က အတော်လေးအထိနာတယ်။ အဲဒီလို အထိနာတော့ လေကြောင်းပစ်ကူခေါ်တာပါ။ ကျနော်တို့ ဆက်ပြီးတော့လည်း ပစ်မရတော့ဘူး။ ကျည်က ကုန်နေပြီ။ သူတို့ခေါ်လို့ရောက်လာတဲ့ MI 35 က သူတို့စစ်ကြောင်းပေါ်ကိုပြန်ပစ်တော့ ကျနော်တို့ မပစ်ရတော့ဘဲ ထပ်သေကုန်တာ မျက်မြင်တွေ့ခဲ့ရတယ်။ သေတဲ့အရေအတွက်ကိုတော့ စုံစမ်းနေပါတယ်။ အဲ့ဒီတော့ ကျနော်တို့ဘက်ကလည်း အထိအခိုက်မရှိ ပြန်ဆုတ်လာနိုင်ခဲ့တာပါ” လို့ ပြောပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်လာတာမရှိသလို DVB အနေနဲ့လည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်မှုကို Dog Killers People's Defence Force Myinmu (DK-PDF MMU) နဲ့အတူ တော်လှန်ရေးမဟာမိတ်ညီနောင်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သြဂုတ် ၁၉ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ငါန်းမြာကြီးကျေးရွာနယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အောက်တိုဘာ ၂၁ ရက်မှာ စစ်တပ်က ပြန်လည် သိမ်းပိုက် ရရှိသွားပြီး ကျေးရွာအတွင်းကို စစ်ကောင်စီတပ်ဖွဲ့၀င်တွေပြန်လည်တပ်စွဲနေပြီလို့လည်း ဒေသခံ တွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013