Home
မြန်မာသတင်း
ဘုတလင်နှင့်ကျွန်းလှကရွာများကို စစ်ကြောင်းဝင်ရောက်မီးရှို့ပြီး ဒေသခံ ၃ ဦးကို သတ်ဖြတ်
DVB
·
November 9, 2024
Photo-ဘုတလင် ပအဖ အဖွဲ့ဝင်တဦး

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်နဲ့ ဘုတလင်မြို့နယ်တို့မှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေက ကျေးရွာတွေထဲဝင်ရောက်ပြီး ဒေသခံ ၃ ယောက်ကို သတ်ဖြတ်ခဲ့တဲ့အပြင် အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က သဖန်းကျေးရွာကို နိုဝင်ဘာ ၇ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာပြီး ဒေသခံ ၁ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့အပြင် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ် ၄၀ နီးပါး မီးလောင်ပျက်စီခဲ့ပါတယ်။

ဘုတလင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “သူတို့ ရွာသားတွေကို ပြန်စစ်ကြည့်ကြတော့ လူတဦးပျောက်နေတာနဲ့လိုက်ရှာကြတာ၊ ၈ ရက်နေ့မနက်ပိုင်းကျမှ ရွာအနောက်ဘက် ရေကျော်နားမှာ အလောင်းတွေ့တာ။ နောက်ထပ်ပျောက်နေတဲ့သူတွေရှိ မရှိကတော့ စုံစမ်းနေဆဲပါ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူဟာ သဖန်းကျေးရွာက အသက် ၇၀ အရွယ် ဦးစန်းလွင် ဆိုသူဖြစ်ပြီး သူ့ရဲ့နေအိမ်ဟာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မီးရှို့ဖျက်ဆီးတာ ခံခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်​ကောင်စီစစ်ကြောင်းဟာ သဖန်းကျေးရွာကို နိုဝင်ဘာ ၅ ရက်နေ့ မနက်ပိုင်းတည်းက ဝင်ရောက်တပ်စွဲနေကာ နိုဝင်ဘာ ၇ ရက်နေ့ ညနေပိုင်းမှာတော့ ကျေးရွာအတွင်းက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့လို့ လူနေအိမ် ၄၀ နီးပါး မီးလောင်ပျက်စီးခဲ့ရတယ်လို့လည်း သိရပါတယ်။

ကူညီဆောင်ရွက်ပေးနေသူတယောက်က “အသက် ၇၀ နီးပါးလောက်ရှိပြီးတော့ သူတို့အဖေ အရွယ်လောက်ရှိတဲ့ အဖိုးအို ၁ ယောက်ကို စစ်သားတွေဖမ်းသွားပြီး နားထင်ကိုသေနတ်နဲ့ ပစ်သတ်သွားတဲ့လုပ်ရပ်ဟာ ပြည်သူအပေါ်မှာ အညှိုးကြီးကြီးနဲ့ တော်တော်လေး ရက်စက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်” လို့ DVB ကို ပြောပါတယ်။

လူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ သဖန်းကျေးရွာကနေ သပြေပင်ကျေးရွာကို ဝင်ရောက်နေပြီး လူနေအိမ်တွေထဲကို ဝင်ရောက်မွှေနှောက် နေတဲ့အတွက်လည်း ဒေသခံရွာသားတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဘုတလင်မြို့နယ်ထဲမှာ စစ်​ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့အပြင် နမခတပ်အတွင်းကနေ ဟောင်ဝစ်ဇာတွေအပါအ၀င် လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတာကြောင့် သဖန်းကျေးရွာ၊ သပြေပင်ကျေးရွာ၊ မကျီးအုတ်ကျေးရွာနဲ့ အင်းတဲကျေးရွာတို့က ထောင်ချီတဲ့ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာပြီးဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့လည်း ဘုတလင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ ည ၉ နာရီကျော်လောက်က စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ဘအင်းသရက်တောရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေက ကျေးရွာအတွင်းဝင်ရောက်ပြီး လူနေအိမ်တွေကိုမီးရှို့ခဲ့တဲ့အပြင် ဒေသခံပြည်သူ ၂ ယောက်ကို သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာ ၆ ရက်နေ့ ည ၇ နာရီလောက်မှာ ကန့်ဘလူမြို့နယ် ၆၀၀၆ တပ်ရင်းကနေ ကျွန်းလှမြို့ကို  ကား ၂ စီးနဲ့ ရောက်ရှိလာ‌ပြီးနောက် ကျေးရွာအတွင်း ဝင်ရောက်လာတာလို့ ဆိုပါတယ်။

အင်အား ၁၂၀ လောက်ရှိပြီး ကျွန်းလှမြို့ထဲကပျူစောထီးတွေပါ ခေါ်လာတာဖြစ်နိုင်ကြောင်း၊ စစ်ကြောင်းဝင်လာတာကို ဘယ်သူမှမသိဘဲ အသံကြားမှပြေးရတာကြောင့် ဘာပစ္စည်းမှမသယ်နိုင်ဘဲ ကိုယ်လွတ်ရုန်းပြေးရင်း ဖမ်းခံရတဲ့သူတွေလည်းရှိနေတယ်လို့ ရွာသားတယောက်က ပြောပါတယ်။

စစ်ကောင်စီပူးပေါင်းစစ်ကြောင်းဟာ ရွာကိုမီးရှို့ပြီး ဒေသခံ ၅ ယောက်ကို ဖမ်းဆီးထားသလို ဖမ်းဆီးထားသူတွေထဲက ၂ ယောက်ကိုသတ်ဖြတ်လိုက်ပြီလို့ သိရကြောင်းနဲ့ လက်ရှိမှာလည်း ကျေးရွာတွင်းကနေ ပြန်မထွက်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကျွန်းလှမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်ကလည်း ရွာကိုမီးရှို့တာတော့ သေချာပြီး လူ ၂ ယောက် သတ်ခံရတယ်ဆိုတဲ့သတင်းကိုတော့ အတည်မပြုနိုင်သေးဘဲ အဲဒီရွာက သတင်းအသေးစိတ်သိရဖို့ ရပ်ရွာပြည်သူအုပ်ချုပ်ရေးအဖွဲ့ဆီကို ဖုန်းနဲ့ဆက်သွယ်နေပေမယ့် ဖုန်းလိုင်းမ ကောင်းတာကြောင့် ဆက်သွယ်လို့မရဖြစ်‌နေတယ်လို့ ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013