စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်၊ သဖန်းရွာကို စစ်တပ်က နိုဝင်ဘာ ၇ ရက် မနက်ခင်း ၉ နာရီခွဲကျော်လောက်မှာ တိုက်ပွဲမရှိဘဲ မီးရှို့ ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သဖန်းရွာသူ တယောက်က “စစ်ကြောင်းက နိုဝင်ဘာ ၅ ရက်ကတည်းက ကျမတို့ ရွာထဲ တပ်စွဲနေတာ။ ပြည်သူတွေက စစ်ကြောင်းရောက်ကတည်းက အကုန်လုံးထွက်ပြေးနေကြတယ်။ နိုဝင်ဘာ ၅ ရက် နေ့ခင်းပိုင်းကတော့ PDFအဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ကြသေးတယ်။ အခုကတော့ တိုက်ပွဲမဖြစ်ဘဲနဲ့ကို ကျမတို့ရွာလေးကို စစ်တပ်က မီးရှို့နေတာပါ။ အခုထိ စစ်ကြောင်းက ရွာထဲက မထွက်သေးတော့ မီးလောင်ဆုံးရှုံးတာ စာရင်း မသိရသေးဘူး” လို့ ပြောပါတယ်။
သဖန်းရွာဟာ ဘုတလင်မြို့ရဲ့ အရှေ့ဘက် ၄ မိုင်ခန့်သာ ကွာဝေးပြီး အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ရွာဖြစ်တယ်လို့လည်း သိရပါတယ်။
ဘုတလင်မြို့နယ် ပြည်သူကာကွယ်ရေးခေါင်ဆောင် တယောက်က “နိုဝင်ဘာ ၅ ရက် နေ့ခင်းပိုင်း က သဖန်းရွာ မရောက်ခင် တိုက်ပွဲဖြစ်ကြသေးတယ်။ စစ်တပ်ကတော့ အကျအဆုံများလို့ နမခ ကနေ ဟောင်ဝှစ်ဇာနဲ့ ပစ်ကူပေးခဲ့တယ်” လို့ ပြောပါတယ်။
PDF ကြီးစိုးတဲ့ ဘုတလင်မြို့နယ်အတွင်း အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၇ ရက်အထိ စစ်ကောင်စီတပ်က ကျေးရွာ ၈ ရွာအထိ မီးရှို့ထားပြီး နေအိမ် ၄၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။