မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ၁ ယောက်သေ၊ ၁၀ ယောက်လောက် ဒဏ်ရာရပြီး စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာတော့ ရွာတရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ပြီး ဒေသခံ ၉ ယောက်ထက်မနည်းကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁ ရက်နေ့က မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ရွှေဘိုရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီပူးပေါင်းတပ်ဘက်က ၁ ယောက် သေဆုံးပြီး ၁၀ ယောက် ဝန်းကျင်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
အင်အား ၂၀၀ လောက်ပါတဲ့ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းဟာ မြောက်ခင်ရန်းရွာကနေ ရွှေဘိုရွာဘက်ကို မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ စစ်ကြောင်းထွက်ခဲ့ရာကနေ ထိတွေ့မှုတွေဖြစ်ခဲ့တာလို့ ဆိုပါတယ်။
ဂန့်ဂေါဒေသတော်လှန်ရေးအင်အားစုအဖွဲ့ဝင်တယောက်က “ကျနော်တို့ သတင်းကြားရတာက ကုက္ကားရွာက ပျူစောထီး ၁ ဦး ကျတယ်။ ၁၀ ဦးလောက်ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေကို ဟံသာဝတီဆေးရုံမှာ တင်ထားတယ်လို့ပြောတယ်။ ကျနော်တို့ထောင်ထားတဲ့ စွန့်လွှတ်မိုင်းတွေလည်း သူတို့နင်းမိလို့ကွဲတာ ၄ လုံးရှိတယ်။ ကျနော်တို့ဘက်တော့ ထိခိုက်မှုမရှိဘူး” လို့ပြောပါတယ်။
ကလေး-ဂန့်ဂေါလမ်းပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ ကြံသာရွာ၊ ဟံသာဝတီရွာ၊ မြောက်ခင်ရန်းရွာ စတဲ့ ကျေးရွာ ၁၂ ရွာရှိပြီး ဒေသကာကွယ်ရေးတပ်ဘက်က အဲဒီရွာတွေကို ကုန်စည်ဝယ်ယူကူးသန်းခွင့် ပိတ်ပင်ထားပါတယ်။
ဒါကြောင့် ကျေးရွာတွေမှာ ရိက္ခာမရှိဖြစ်လာပြီး ရိက္ခာလာရှာဖို့ စစ်ကောင်စီပူးပေါင်းအဖွဲ့က စစ်ကြောင်းထိုးလာတာဖြစ်နိုင်တယ်လို့ ဂန့်ဂေါဒေသခံတယောက်က ပြောပါတယ်။
အောက်တိုဘာ ၁၄ ရက်နေ့ ညနေပိုင်းကလည်း ဂန့်ဂေါမြို့နယ်၊ ဘော်ပြင်းရွာမှာ စစ်ကောင်စီရဲ့လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် YPDF ရဲဘော် ၂ ယောက် ကျဆုံးခဲ့ပါသေးတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာတော့ နိုဝင်ဘာ ၁ ရက်နေ့ မနက်ပိုင်းက ဝက်တိုးရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ပြီး ဒေသခံအရပ်သား ၉ ယောက် ထက်မနည်းကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။
ဝက်တိုးရွာသားတယောက်က “ကာဘိုးကနေထွက်လာပြီး ကျနော်တို့ ဝက်တိုးတောင်ရွာကို စဝင်တယ်ဗျ။ ရွာထဲဝင်လာလာချင်းပဲ ရွာကို မီးစရှို့တယ်။ အဲဒါပြီးတော့ ကျနော်တို့ ဝက်တိုးမြောက်ရွာကို မီးရှို့တယ်။ ရွာမီးရှို့ပြီး နေ့ခင်း ၁ နာရီလောက်ကျတော့ ကာဘိုးရွာဘက် ပြန်ထွက်သွားတယ်ဗျ။ သူတို့လာလို့ ကြောက်လန့်ပြီးထွက်ပြေးရာမှာ သူတို့နဲ့ ထိပ်တိုက်တိုးပြီး အဖမ်းခံရတဲ့ရွာသားတွေလည်း ရှိတယ်။ မပြေးနိုင်ဘဲ ရွာထဲမှာကျန်ခဲ့တဲ့ အဖိုးအဖွား တွေကိုလည်း ဖမ်းတယ်။ ရွာကိုမီးရှို့ပြီးပြန်အထွက်မှာ သက်ကြီးရွယ်အို အဖိုးအဖွားတွေကိုတော့ ပြန်လွှတ်ထားခဲ့တယ်။ လူငယ် ၉ ဦးကျော်ကိုတော့ ကာဘိုးရွာဘက်ဖမ်းခေါ်သွားကြတယ်” လို့ ပြောပါတယ်။
စစ်တပ်က မီးရှို့ခဲ့တာကြောင့် ဝက်တိုးမြောက်ရွာက ပြည်သူနေအိမ် ၇၅ လုံးကျော် မီးလောင်ဆုံးရှုံးခဲ့ရသလို ဝက်တိုးတောင်ရွာမှာတော့ လူနေအိမ် ၆၀ လောက် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တယောက်က “သူတို့ရွာထဲကနေပြန်ထွက်ပြီး ကျနော်တို့ ရှင်းလင်းရေးစလုပ်နေပါတယ်ဗျ။ ဝက်တိုးမြောက်ရွာကတော့ လူနေအိမ် ၇၅ အိမ်ကျော် မီးလောင် ဆုံးရှုံးခဲ့ရတယ်။ ဝက်တိုးတောင်ရွာကတော့ ၆၅ လုံး ကျော်မီးလောင်ဆုံးရှုံးခဲ့ရတယ်။ ဖမ်းဆီးသွားတဲ့ အရပ်သားတွေကတော့ စစ်မှုမထမ်းမနေရ စစ်သင်တန်းတက်ခိုင်းဖို့ လူစုသွားတာဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
အခုစစ်ကြောင်းဟာ အောက်တိုဘာ ၃၀ ရက်နေ့ကလည်း ကာဘိုးရွာအနီးက ကျီစု၊ ကျောက်တိုင်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အိုင်ပေါင်းချောင်ရွာက ပြည်သူ ၄၀ လောက်ကို စစ်ကြောင်းနဲ့ အတူ ကာဘိုးရွာဆီ ဖမ်ဆီးသွားခဲ့ပါသေးတယ်။