Home
မြန်မာသတင်း
ခမောက်ကြီးတွင် စစ်တပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
November 13, 2024
Photo-ကော့သောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ် အောင်ချမ်းသာကျေးရွာအနီးမှာ နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၁၂ နာရီကျော်လောက်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၈၀ ကျော်တဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဆီက သိရပါတယ်။

ခမောက်ကြီးကျေးရွာဘက်ကနေ မရမ်းကျေးရွာဘက်ကို ခြေလျင်စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို အောင်ချမ်းသာကျေးရွာအနီးမှာ မိုင်းဆွဲ  တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ကော့သောင်း ပကဖ တာဝန်ရှိသူက "တိုက်ခိုက်မှုကို ၁၁၁၁ လုံးအထိမ်းအမှတ်နေနဲ့ တိုက်ခိုက်ခဲ့တာပါ။ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့  စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်နေရာမှတင်သေပြီး ၁၀ ယောက်ကျော် ဒဏ်ရာတွေရရှိသွားတယ်” လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုအပြီး သေဆုံးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေနဲ့ ဒဏ်ရာရသူ တွေကို ကားနဲ့ချက်ချင်း ခမောက်ကြီးမြို့ဘက်ကို သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ကော့သောင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့ ပကဖအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊  ရဲတပ်ဖွဲ့ဝင် တွေနဲ့ ဝန်ထမ်းတွေ ပြည်သူဘက်ရပ်တည်ဖို့နဲ့ တော်လှန်ရေးအင်အားစုအဖွဲ့တွေဆီ ပူးပေါင်း ပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဒါအပြင် ပါဝင်မှုမပြုလုပ်ဘဲ ပြည်သူတွေအပေါ်မတရားအနိုင်ကျင့် ဗိုလ်ကျပြီး  နိုင်ထက်စီးနင်း ပြုလုပ်တာတွေ ဆက်လက်လုပ်ဆောင်နေသူမှန်သမျှကို ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အတူ ပြင်းထန်စွာ အရေးယူသွားမယ်လို့ ကော့သောင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024