Home
မြန်မာသတင်း
ရေစကြိုတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် ရွာကိုမီးရှို့
DVB
·
October 16, 2024

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ  စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ စစ်သားတယောက် သေဆုံးပြီးနောက် ကျေးရွာကို မီးရှို့ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာ ၁၄ ရက် မနက် ၈ နာရီနဲ့ မွန်းလွဲ ၂ နာရီခွဲလောက်မှာ ခလရ ၂၅၆ တပ်က ထွက်လာတဲ့ အင်အား ၆၀ ပါ စစ်ကြောင်းကို ကံသစ်ရွာအနီးတဝိုက်မှာ ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သားတယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုအပြီး ညနေ ၄ နာရီဝန်းကျင်မှာ ကံသစ်ကျေးရွာကို မီးရှို့ခဲ့တဲ့အတွက် လူနေအိမ် ၁၀ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ရေစကြို ပကဖ တာဝန်ရှိသူတယောက်က “မနက် ၈ နာရီမှာ ပညင်းရွာနဲ့ ကံသစ်ကြားမှာ တကြိမ်၊ ညနေပိုင်းမှာ တကြိမ် မိုင်းဆွဲခဲ့တာပါ။ စကစဘက်က ၁ ယောက်သေပြီး အရာရှိအပါ ၂ ယောက် ဒဏ်ရာရတယ်။ ပြီးတော့ ကံသစ်တောတိုက်ထဲက အိမ် ၁၀ လုံး မီးရှို့သွားတယ်။ အဲဒီရွာက သူ့ဘက် ကိုယ့်ဘက် တခြမ်းစီထိန်းချုပ်ထားတဲ့ရွာ ဖြစ်တော့လေ” လို့ ပြောပါတယ်။

စစ်ကြောင်းက ရွာကိုမီးရှို့ပြီး တောင်အိုရွာ စစ်ဆေးရေးဂိတ်ကတဆင့် အောက်တိုဘာ ၁၆ ရက် ဒီနေ့မှာ ခလရ ၂၅၆ တပ်ထဲ ပြန်လည်ဝင်ရောက်သွားပြီလို့ သိရပါတယ်။

မီးရှို့ခံရတဲ့ ကံသစ်ရွာက ပြည်သူတွေက နီးစပ်ရာကျေးရွာတွေဘက်ကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013