“မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေ့မယ်” ဆိုတဲ့စကားကို ပြောကြားခဲ့သူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လုပ်ဖော်ကိုင်ဖက် ကျောင်းသားခေါင်းဆောင် ရဲဘော် သခင်ဗဟိန်း ကျဆုံးမှု ၇၈ နှစ်ပြည့် အထိမ်းအမှတ် မန္တလေးမြို့ အာဇာနည်ဗိမာန်မှာ လူထုလှုပ်ရှားမှု ဖော်ဆောင်ခဲ့တယ်လို့ မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ပြောပါတယ်။
ဒေါက်တာတေဇာဆန်းက “နိုဝင်ဘာလ ၂၀ ရက်နေ့ဟာ ရဲဘော် သခင်ဗဟိန်း ကျဆုံးခဲ့တာ ၇၈ နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ဒီနေ့မှာပဲ ကျနော်တို့ မန္တလေးမြို့ အာဇာနည်ဗိမာန်မှာရှိတဲ့ သခင်ဗဟိန်း အထိမ်းအမှတ် ကျောက်စာတိုင်ရှေ့မှာ သခင်ဗဟိန်းကို ဂုဏ်ပြုဦးညွှတ်ခြင်းနဲ့အတူ လူထုလှုပ်ရှားမှုကို ဖော်ဆောင်ခဲ့ပါတယ်။ မန်းသူမန်းသားတွေ အားလုံးသိကြတဲ့အတိုင်းပဲ အာဇာနည်ဗိမာန်တဝိုက်ဟာ ဖက်ဆစ်ဘီလူးတွေ အမြဲတမ်း သောင်းကျန်းမင်းမူနေတဲ့ နေရာလည်း ဖြစ်ပါတယ်။ မကျေနပ်သော အချက်အလက်များ လုံလောက်စွာရှိပါက သပိတ်မှောက်ခွင့်ကိုပါ မွေးရာပါအခွင့်အရေးကဲ့သို့ မှတ်ယူရမယ်လို့လည်း ရဲဘော် သခင်ဗဟိန်းက ပြောခဲ့ဖူးပါတယ်။ သခင်ဗဟိန်း စိတ်ဓာတ်၊ သခင်ဗဟိန်း စကားအတိုင်းပဲ ကျနော်တို့တွေဟာ ဖက်ဆစ်အာဏာရူးကို ငုံ့မခံဘဲ နည်းလမ်းအစုံအလင်နဲ့ တုံ့ပြန် တိုက်ပွဲဝင်နေကြမှာပါ” လို့ ပြောပါတယ်။
မန္တလေးမြို့ပေါ်မှာ စစ်ကောင်စီက အင်အားသုံး ထိန်းချုပ်မှုတွေ ပြုလုပ်နေပေမဲ့ မြို့ပေါ်သပိတ်လှုပ်ရှားမှုတွေ ဆက်လက်ရှိနေပြီး ပြည်သူတွေ တော်လှန်ရေးမှာ သွေးမအေးအောင်နဲ့ ပူပေါင်းပါဝင်ကြစေဖို့ ရည်ရွယ်တယ်လို့ ရန်ကုန်၊ မန္တလေးနဲ့ မုံရွာသပိတ်ခေါင်းဆောင်တွေက သူတို့ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဆိုထားပါတယ်။