မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၆၀ လမ်းနဲ့ ၁၀၂ လမ်းထောင့်ရှိ ပြည်တွင်းအခွန်ရုံးကို စက်တင်ဘာ ၁၁ ရက် ညနေ ၃ နာရီဝန်းကျင်က လက်ပစ်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းအခွန်ရုံးမှာ ရုံးဝန်ထမ်းတွေရှိနေချိန် လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် ရုံးဝင်း ကျယ်တာကြောင့် လူထိခိုက်မှုမရှိခဲ့ဘူးလို့ NMD- PDF က တာဝန်ရှိသူက ပြောပါတယ်။
“ပြည်သူတွေက နီးရာဓားကို ကြောက်နေရတယ်ဆိုတဲ့အတိုင်း စိတ်မပါပေမဲ့လည်း အခွန်ဆောင်နေရတာ ရှိတယ်။ အခုဆိုရင် လမ်းတိုင်းမှာ ပိတ်ဆို့စစ်ဆေးပြီး ဒဏ်ရိုက်တာ၊ လိုင်စင်မပါရင် ဘယ်လောက်ဆိုပြီး ယာဥ်မောင်းလိုင်စင်တွေ အခွန်ကောက်ခံနေတာရှိတယ်။ ကျနော်တို့အနေနဲ့ လက်သင့်မခံနိုင်ဘူး။”
စစ်ကောင်စီတပ်လက်အောက်ခံ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၃ ရက်ကစတင်ပြီး ဆိုင်ကယ်လိုင်စင်၊ ကားလိုင်စင်တွေကို အခွန်ခ သုံးဆ ပိုကောက်ခံသွားမယ်လို့ စာထွက်လာတာကြောင့် တိုက်ခိုက်ခဲ့တာလို့ No More Dictatorship PDF အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ပြည်တွင်းအခွန်ရုံး တိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ငယ်နဲ့ ပြန်တုံ့ပြန်ပစ်ခတ်ခဲ့ပေမယ့် ရဲဘော်တွေ အထိခိုက်မရှိခဲ့ဘူးလို့သိရပါတယ်။