ယူကရိန်းမြို့တော်ရှိ ရှက်ဗ်ချန်ကိဗ်စကီး တရားရုံးမှာ ဇူလိုင် ၅ ရက်က အမျိုးသားတယောက်ဟာ တရားရုံးအဆောက်အဦရဲ့ အစိတ်အပိုင်းအတွင်းမှာ သူ့ကိုယ်သူ ပိတ်ဆို့လိုက်ပြီး ဖောက်ခွဲရေးပစ္စည်းကို ဖောက်ခွဲခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး အီဟော်ရ် ကလီမန်ကိုက ပြောပါတယ်။
တရားရုံးမှာ အခင်းဖြစ်ပွားချိန် အဲဒီအမျိုးသားကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားရင်း ကျယ်လောင်တဲ့ အသံကြားလိုက်ရပြီး အထူးလုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အဲဒီအမျိုးသားဟာ အီဟော်ရ် ဟူမန်ယွတ်ခ်ဖြစ်ပြီး ၂၀၁၅ ခုနှစ်က ယူကရိန်း အမျိုးသားအစောင့်တပ်ဖွဲ့က ၄ ဦး သေဆုံးမှုနဲ့စပ်လျဉ်းလို့ သံသယရှိသူအဖြစ် ကြားနာပွဲကို တက်ရောက်ခဲ့တာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ကလီမန်ကိုက ပြောပါတယ်။
ကြားနာမှုအပြီးမှာ သံသယရှိသူဟာ ပထမဆုံး သူ့ကိုယ်သူ ရေချိုးခန်းထဲမှာ လော့ခ်ချ တံခါးပိတ်ပစ်လိုက်ပြီး အစောင့် ၂ ဦးဆီကို ဖောက်ခွဲရေးပစ္စည်း လှမ်းပစ်ခဲ့ကြောင်း ကလီမန်ကိုက ပြောပါတယ်။
အရာရှိတွေဟာ လေထဲကို သေနတ်ပစ်ဖောက်ပြီး အဆောက်အဦကနေ ထွက်ပြေးမှာကို တားဆီးခဲ့လို့ သူ့ကိုယ်သူ တခြားအခန်းမှာ ပိတ်ဆို့ထားခဲ့တယ်လို့လည်း ဆိုပါတယ်။ သူဟာ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဖို့ ငြင်းဆိုခဲ့ပြီး ဒဏ်ရာရရှိခဲ့တဲ့ အရာရှိ ၂ ယောက်ဆီကို တခြားကိရိယာတခု ပစ်ပေါက်ခဲ့ပါသေးတယ်။
သံသယရှိသူ အမျိုးသားဟာ ဒီအငြင်းပွားမှုမှာ သေဆုံးသွားကြောင်း ဝန်ကြီး ကလီမန်ကိုက ပြောပါတယ်။
တရားရုံးမှာ ဖောက်ခွဲရေးပစ္စည်းတွေကို သူ့ဆီ ဘယ်လိုရောက်ရှိထားတယ် ဆိုတာကိုလည်း ဆက်လက် စုံစမ်းဖော်ထုတ်နေကြပါတယ်။
Source - Reuters