Home
မြန်မာသတင်း
မန္တလေးမြို့ ​အောင်ဆန်းစုကြည်လမ်းပေါ်က စိန်ပန်းနီပင်များကို စစ်ကောင်စီ ခုတ်လဲ
DVB
·
April 6, 2023
Mandalay Aung San Suu Kyi road

မန္တလေးမြို့မှာ အောင်ဆန်းစုကြည်လမ်းလို့ အမည်​ပေးထား​တဲ့ မန္တ​လေးမြို့ မျက်ပါးရပ် ၃၈ လမ်း၊ ၇၃ လမ်းနဲ့ ၇၈ လမ်းကြားမှာရှိတဲ့ ရာနဲ့ချီတဲ့ စိန်ပန်းနီပင်တွေကို စစ်​ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းတွေက ခုတ်လှဲခဲ့ပြီး တခြားပျိုးပင်ငယ်တွေနဲ့ အစားထိုး စိုက်ပျိုး​နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဧပြီ ၁ ရက် မနက်အစောပိုင်းလောက်ကစပြီး ဧပြီ ၆ ရက်အထိ အောင်ဆန်းစုကြည်လမ်း လမ်းဘေးဝဲယာမှာရှိတဲ့ အရိပ်ရ စိန်ပန်းပင်တွေကို ခုတ်လှဲခဲ့ကြကာ အရွယ်အစား သေးငယ်တဲ့ ပျိုးပင်ပေါက်တွေကို အစားထိုး စိုက်ပျိုးခဲ့ကြတာလို့ ဆိုပါတယ်။

အဲဒီလမ်းဘေးတလျှောက်မှာ စိန်ပန်းပင် ၂၀၀ ကျော်လောက်ရှိပြီး စိန်ပန်းပွင့်ချိန်ဆို တလမ်းလုံး ပန်းပွင့်တွေနဲ့ နီရဲနေသလို စစ်ကောင်စီက အနီကြောက်တာကြောင့် အနီရောင်စိန်ပန်းတွေ အခုမပွင့်သေးခင် ခုတ်ပစ်လိုက်တာ ဖြစ်နိုင်တယ်လို့ အောင်ဆန်းစုကြည်လမ်းဘေးမှာ နေထိုင်တဲ့ မြို့ခံတယောက်က ပြောပါတယ်။

အဲဒီ စိန်ပန်းနီပင်တွေဟာ သက်တမ်းအားဖြင့် ၈ နှစ်ကျော်လောက် ရှိပြီဖြစ်တဲ့အတွက် အရိပ်ကောင်းကောင်းရနေတဲ့ အပင်ကြီးတွေဖြစ်တာကြောင့် မြို့ခံတွေက နှမြောနေကြတယ်လို့ ဆိုပါတယ်။

အခုလုပ်ရပ်ဟာ ဗေဒင် ယတြာတွေကို အယုံအကြည်ရှိတဲ့ စစ်ကောင်စီရဲ့ ယတြာချေတဲ့ လုပ်ရပ်တခုလို့ ဒေသခံတွေက ထင်နေကြပြီး အပင်ကြီးတွေကို ခုတ်လှဲရတဲ့ အကြောင်းရင်းကိုတော့ ဘယ်သူကမှ သေသေချာချာ မသိကြပါဘူး။

အဲဒီ အောင်ဆန်းစုကြည်လမ်းဟာ အရင် NLD အစိုးရလက်ထက်က ဝန်ကြီးချုပ် ​ဒေါက်တာ​ဇော်မြင့်​မောင်နဲ့ မြို့​တော်ဝန် ဦးရဲလွင်တို့ကိုယ်တိုင် တက်​ရောက်ဖွင့်လှစ်ထားခဲ့​တဲ့ လမ်းဖြစ်ပြီး အခုဖြစ်စဉ်နဲ့ပတ်သက်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013