Home
မြန်မာသတင်း
စည်းကမ်းတင်းကျပ် အခွန်ကောက်မှုများကြောင့် အွန်လိုင်းဈေးရောင်းလုပ်ငန်းများ အခက်ကြုံ 
DVB
·
November 20, 2024

အွန်လိုင်းဈေးရောင်းလုပ်ငန်းတွေကို စစ်ကောင်စီက အွန်လိုင်းမှတ်ပုံတင် ပြုလုပ်ခိုင်းပြီး အခွန်ကောက်ခံနေပေမဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ဘာအကျိုးခံစားခွင့်မှ မရှိဘဲ အခွန်ပေးရတာတွေသာ ပိုတိုးလာတယ်လို့ အွန်လိုင်း ဈေးရောင်းလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

အွန်လိုင်းဈေးရောင်းတဲ့ လုပ်ငန်းတွေကနေ စစ်ကောင်စီကို အခွန်ပေးနေရတဲ့အပြင် မြန်မာနိုင်ငံအတွင်းမှာ လျှပ်စစ်မီး ပြတ်တောက်တာ၊ အင်တာနက်လိုင်း ဖြတ်တောက်ခံရတာနဲ့ လူမှုကွန်ရက် အသုံးပြုမှု ကန့်သတ်ခံရတာတွေကြောင့် အွန်လိုင်းဈေးရောင်းသူတွေကို ပိုခက်ခဲလာစေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက E-Commerce Registration System ကို ၂၀၂၃ ခုနှစ် အောက်တိုဘာမှာ စတင်ခဲ့ပြီး တနှစ်ကျော်ကြာတဲ့အထိ ဘယ်လိုအထောက်အပံ့မှ မရဘဲ အခွန်ဆောင်လိုက်ရတာပဲ ရှိတယ်လို့ အွန်လိုင်း ဈေးရောင်းသူတယောက်က ပြောပါတယ်။

“မီးကလည်း မှတ်ပုံတင်တင် မတင်တင် သူပြတ်ချင်ပြတ်မယ်၊ လာချင်လာမယ်၊ သူ support ပေးတာဆိုလို့ ဒီဟာလေးကို ဒီဟာလေးကို မှတ်ပုံတင်လိုက်တယ်၊ အသိအမှတ်ပြုတာလေးတခု လုပ်ပေးလိုက်တယ်ပေါ့၊ အဲဒါတခုပဲ တခြားဘာမှ မရှိဘူး။ အကျိုးခံစားခွင့် မရှိဘူးလားဆိုတော့ ဘာမှမရှိဘူးလေ။ သူတို့ကို အခွန်ဆောင်လိုက်ရတာပဲရှိတယ်။ ယိုးဒယားဘက်က ပစ္စည်းတွေ သွင်းတယ်ပေါ့လေ၊ မှတ်ပုံတင်ပြီးသား အခွန်ဆောင်ပြီးသားပေါ့လေ၊ ဒါပေမဲ့ တခါတလေကျရင် လွှတ်ပေးတယ်၊ တခါတလေ သူတို့ဖမ်းချင်ရင်လည်း ဖမ်းတယ်ပေါ့‌။”

လာမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစပြီး e-Commerce Registration System ကနေတဆင့် လျှောက်ထားလာတဲ့ လုပ်ငန်းတွေကိုတော့ စားသုံးသူရေးရာ ဦးစီးဌာနက မြေပြင်စစ်ဆေးပြီးမှသာ ကုန်သွယ်ရေးဦးစီးဌာနက online sales လုပ်ငန်း မှတ်ပုံတင် ချပေးတော့မယ်လို့ သိရပါတယ်။

အွန်လိုင်းဈေးရောင်းလုပ်ငန်း မှတ်ပုံတင်လျှောက်ပေးသူတယောက်က “လုပ်ငန်းနာမည် မြန်မာလို အင်္ဂလိပ်လိုပေါ့၊ ပြီးရင် ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ page link တို့ဘာတို့ အဲဒါတွေပဲလိုတယ်။ ကြာချိန်ကတော့ တယောက်နဲ့တယောက် မတူဘူး။ ဟိုဘက်က စစ်တယ်ဆိုတော့လေ ၂ လကနေ ၂ ပတ် အနည်းဆုံးကြာတယ်။ အဲထက်လည်း မြန်ကောင်းမြန်နိုင်တယ်။ ဒါကတော့ အွန်လိုင်းမှာ ဈေးရောင်းရင် သူတို့လုပ်ခိုင်းတယ်။ မလုပ်ထားရင် သူတို့လာစစ်တဲ့အခါကျရင် တရားစွဲမှာပေါ့။ အရေးယူတာတွေ ဘာတွေ အဲလိုပုံစံတွေ သွားမှာပေါ့” လို့ ပြောပါတယ်။

Online sales လုပ်ငန်းတွေကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်းတွေအဖြစ် သတ်မှတ်ကြောင်း စစ်ကောင်စီက ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းလုပ်ကိုင်သူတွေ အနေနဲ့ ၆ လအတွင်း မှတ်ပုံတင်ရမယ်လို့ ဆိုပါတယ်။

မလိုက်နာပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အနည်းဆုံး ထောင်ဒဏ် ၆ လကနေ အများဆုံး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်တဲ့အပြင် ကျပ် ၅ သိန်းထက် မပိုတဲ့ ငွေဒဏ်လည်း ချမှတ်ခံရမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

အွန်လိုင်းဈေးရောင်းသူတယောက်က “အရင်ကတော့ ကိုယ့်ပစ္စည်းတွေရှိတယ်ဆိုရင် page မှာတင်ပြီးတော့ ကြော်ငြာပြီး ရောင်းတယ်၊ live လွှင့်တယ်ပေါ့။ အခုကျတော့ အရေးယူမယ် ဘာညာ ရှိလာတော့ post တွေတင်မရောင်းဖြစ်တော့ဘူးပေါ့။ အပြင်မှာတင် ရောင်းနေရတော့ အရင်ကလောက် လူမသိဘူးပေါ့။ reach တွေလည်း ကျတာပေါ့။ ဝယ်သူတွေကလည်း ကိုယ်ရောင်းလား မရောင်းလား မသိတော့ဘူးပေါ့။ သူတို့ဖမ်းမလား၊ ငါတင်ရောင်းလိုက်ရင် ငါ့ရဲ့ info တွေရပြီး လိုက်လာမလား စိုးရိမ်နေရတာပေါ့။ ပစ္စည်းတွေလည်း မအောင်းထားရဲဘူးလေ။ အရင်ကရောင်းရသလောက် အခု သူတို့က ဟိုလိုလုပ် ဒီလိုလုပ်ဆိုတော့ ပစ္စည်းတွေလည်း expire တွေ ဖြစ်ကုန်တာ” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂ ရက်မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလကုန်အထိ တနှစ်ကျော် ကာလအတွင်း E-Commerce Registration System ကနေတဆင့် online sales လုပ်ငန်း မှတ်ပုံတင်ပေါင်း ၈,၈၉၀ ထုတ်ပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ် စာရင်းတွေအရ မြန်မာနိုင်ငံရဲ့ e-commerce ဈေးကွက်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၆ သန်းသာ ရှိရာကနေ တိုးတက်မှု အလားအလာကောင်းတွေ ရှိတာကြောင့် ၂၀၂၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ အထိ တန်ဖိုးမြင့်တက်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013