အွန်လိုင်းပေါ်ကတဆင့် နှောင့်ယှက်မှုတွေ တိုက်ခိုက်မှုတွေကို ကြုံတွေ့ခံစားရသူတွေအတွက် Stop Online Harm Myanmar အဖွဲ့က အွန်လိုင်းအရေးပေါ် ဝန်ဆောာင်မှုတွေ ပေးနေပါတယ်။
အွန်လိုင်းပေါ်ကနေတဆင့် နှောင့်ယှက်မှုတွေကို ကြုံတွေ့ခံစားရသူတွေအတွက် အွန်လိုင်းအရေးပေါ်ဝန်ဆောင်မှုတွေ ပေးဖို့ Stop Online Harm Myanmar ဆိုတဲ့ အဖွဲ့အစည်းကို နိုဝင်ဘာလ ၂ ရက်မှာ လူမှုကွန်ရက်ကနေ ကြေညာခဲ့ပါတယ်။
ဒီအဖွဲ့ကိုတော့ အွန်လိုင်းတိုက်ခိုက်မှုတွေ၊ အကြမ်းဖက်မှုတွေကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီး ကိုယ်တိုင် ကျော်လွှားနိုင်ခဲ့သူတွေ ပါဝင်တဲ့ မတူညီတဲ့ နောက်ခံအမျိုးမျိုးနဲ့ အမျိုးသမီးတစုက ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
အွန်လိုင်းပေါ်ကတဆင့် နှောင့်ယှက်မှု၊ တိုက်ခိုက်မှု၊ အကြမ်းဖက်မှုတွေဆိုရာမှာ ရည်ရွယ်ချက်ရှိရှိ ထပ်ခါထပ်ခါ ပစ်မှတ်ထားပြီး အနိုင်ကျင့်ပြောဆိုတဲ့ cyber bullying၊ မိမိရဲ့ ခွင့်ပြုချက်မရှိဘဲ မိမိရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကို အွန်လိုင်းမှာ ဖော်ထုတ်ခံရပြီး အပြင်ဘဝမှာ အန္တရာယ်ဖြစ်စေအောင် လှုံ့ဆော်ရေးသားတဲ့ doxing ၊ မိမိရဲ့ အွန်လိုင်းလှုပ်ရှားမှုတွေကို ခြေရာခံ စောင့်ကြည့်ခံရတဲ့ online stalking နဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်းပေါ်က လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု sexual harassment စတာတွေပဲ ဖြစ်ပါတယ်။
ဒီလို နှောင့်ယှက်မှုတွေ ကြုံတွေ့ခံစားလာရရင် Stop Online Harm Myanmar ကို ဆက်သွယ်လာပါက အရေးပေါ်ဝန်ဆောင်မှု ၃ မျိုး အကူညီပေးဖို့ စီစဉ်ထားတယ်လို့ Online Harm Myanmar ရဲ့ အစီအစဉ်တာဝန်ရှိသူ ဟတ်တီက ပြောပါတယ်။
“ပထမတခုအနေနဲ့ ဆိုရင် စိတ်ကျန်းမာရေးပိုင်းဆိုင်ရာ အကူအညီဖြစ်မယ်။ ဒီလိုကိစ္စရပ်တွေကြောင့်မို့လို့ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်နေပြီး စိတ်ကျန်းမာရေး အကူအညီ လိုအပ်တယ်ဆိုရင် ကျမတို့ကို လာပြီးတော့ ပြောပြလို့ရပါတယ်။ အဲ့မှာ ဒီကျမတို့ရဲ့ counselling ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ ဆက်သွယ်ပြီးတော့ စိတ်ကျန်းမာရေး ကူညီပေးဖို့ စီစဉ်ထားတာ ရှိတယ်။ နောက်တခုကကျတော့ ဥပဒေရေးရာပေါ့နော်။ ဥပဒေရေးရာ လမ်းညွှန်မှု အပိုင်းကကျတော့ ကျမတို့ရဲ့ ယုံကြည်ရတဲ့ ပါတနာ organization တွေနဲ့ ချိတ်ဆက်ပြီးတော့ ဥပဒေရေးရာ လမ်းကြောင်းအရ ကိုယ့်ရဲ့ ဖြစ်ပေါ်နေတဲ့ ပြဿနာအရ ဘယ်လို သွားရင် ပိုပြီးတော့ အကောင်းဆုံးဖြစ်မလဲဆိုတာမျိုး တိုင်ပင်ဆွေးနွေးဖို့အတွက် ဥပဒေရေးရာ အကြံပေးနိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးမှုတွေ ရှိတယ်။ နောက်ဆုံးတခုကကျတော့ ဒီနည်းပညာပိုင်းဆိုင်ရာပေါ့နော်၊ နည်းပညာပိုင်းဆိုင်ရာမှာ နှစ်မျိုး ရှိတယ်ပေါ့နော်။ ဒီဂျစ်တယ် အကြမ်းဖက်မှုတွေ ကြုံရတဲ့သူတွေအတွက်၊ အကြံဉာဏ်တွေ ရှိမယ်။ ဘယ်လိုမျိုး ကိုယ့်အကောင့်ကိုကိုယ် လုံခြုံအောင် ထားမလဲ၊ ကိုယ့် device ကို လုံခြုံအောင် ထားမလဲ၊ စသဖြင့် ပြီးရင် ဘယ်လိုမျိုး report လုပ်လို့ရမလဲပေါ့နော်။ ကိုယ့်ကိုယ်ကိုယ် ဆိုရှယ်မီဒီယာ၊ ကိုယ်သုံးနေတဲ့ ပလက်ဖောင်းတွေ၊ ကိုယ်သုံးနေတဲ့ messaging application တွေကို ဘယ်လိုမျိုး လုံခြုံရေး မြှင့်တင်မလဲ စသဖြင့် အကြံဉာဏ်ပေးတဲ့ အပိုင်းတွေ ရှိသလို တကယ်လို့ ကိုယ့်ပုံတွေ ဗီဒီယိုတွေက အွန်လိုင်းပေါ်မှာ ဖြန့်ဝေခံနေရပြီးတော့ ဒီပုံတွေကို ဖျက်ချင်ပါတယ်၊ ဖယ်ရှားချင်ပါတယ်ဆိုရင် အကူအညီတောင်းလို့ရတဲ့ ကိစ္စရပ်တွေပေါ့နော်။”
Stop Online Harm Myanmar အနေနဲ့ အခုလို အရေးပေါ် ဝန်ဆောင်မှုအပြင် အွန်လိုင်းပေါ်က အကြမ်းဖက် နှောင့်ယှက်မှုတွေအကြောင်း အသိပညာပေးတာနဲ့ ပိုပြီး ကောင်းမွန်တဲ့ မူဝါဒတွေကို ကူညီထောက်ပံ့ပေးနိုင်ဖို့ သုတေသန စာတမ်းတွေ လုပ်ဆောင်နေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ အွန်လိုင်းပေါ်က နှောင့်ယှက်တာ၊ အမုန်းစကားပြောတာတွေက အခြေအနေတွေ ဆိုးရွားနေပြီး အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်းကို နှိုင်းယှဉ်မယ်ဆိုရင် အာဏာမသိမ်းခင်က နာမည်ကြီးတဲ့ သူတွေသာ ကြုံတွေ့ရတာများပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့သာမန် ပြည်သူတွေပါ အများအပြား ပိုပြီး ကြုံလာရတယ်လို့ Sisters 2 Sisters အဖွဲ့မှ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မနှင်းသက်မှူးခင်က ပြောပါတယ်။
“ဒီအာဏာသိမ်းပြီးနောက်ပိုင်းမှာ digital harassment လုပ်တာမှာ ပုံစံ ၂မျိုးနဲ့ တွေ့ရတတ်တာ များတယ်။ ပထမပုံစံက စစ်တပ်ထောက်ခံတဲ့သူတွေက တော်လှန်ရေးမှာ ပါဝင်နေတဲ့သူတွေကိုပေါ့နော် အထူးသဖြင့် အမျိုးသမီးတွေ LGBT တွေ သူတို့တွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တဲ့ ဟာမျိုးပေါ့နော်။ ဒီအမျိုးသမီးတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့အခါမှာ ဒီအမျိုးသမီးတွေက တော်လှန်ရေးမှာ ပါဝင်မှု နည်းသွားမယ်။ သူတို့တွေက သူတို့ကိုယ် သူတို့ပြန်ပြီးတော့ ထိန်းချုပ်မယ်။ သူတို့ ဘာပြောလဲဆိုတဲ့ဟာ ပြန်ထိန်းချုပ်မယ်။ နိုင်ငံရေးအရပေါ့နော် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ဟာကို သူတို့ သိပ်ပြီး မတင်တော့ဘူး၊ သိပ်ပြီး မပြောတော့ဘူး၊ အဲ့လိုမျိုး နည်းနဲ့ လုပ်တယ်ပေါ့နော်။ နောက်ထပ် တဖက်ကကျတော့ တော်လှန်ရေးဘက်က လူတွေကပဲ ဒီ digital harassment တွေ လုပ်ကြတာပေါ့နော်။ အဲ့အချိန်မှာ တယောက်နဲ့တယောက် အမြင်မတူကြတဲ့အခါမှာ တဖက်ကိုပေါ့နော် နင်က ဒလန်ဆိုပြီး စွပ်စွဲတာမျိုး၊ ဒါမှမဟုတ်ရင်လည်း အမုန်းစကားပြောတာမျိုး၊ ဒါမှမဟုတ်ရင်လည်း သူ့ရဲ့တကိုယ်ရည်တကာရပေါ့နော် အတွင်းရေးကိစ္စတွေကို ဖွင့်ချတာမျိုး၊ ဒါမှမဟုတ် ဂုဏ်သရေ ပျက်အောင် တော်လှန်ရေးမှာ ပါဝင်နေတဲ့ဟာကို လူတွေက ယုံမှားသံသယဖြစ်အောင် အဲ့လိုမျိုးတွေ လုပ်တာ များတယ်ပေါ့နော်။ ။”
“အွန်လိုင်းပေါ်သွေးထိုးလှုံ့ဆော်မှုတွေကနေ မြေပြင်အကြမ်းဖက်မှုအထိ ရိုက်ခတ်လာစေသလား” ဆိုတဲ့ ဒစ်ဂျစ်တယ် စုံစမ်းစစ်ဆေးဖော်ထုတ်ချက် စာတမ်းတခုကို DVB သတင်းဌာနက နိုဝင်ဘာ ၄ ရက်နေ့က ထုတ်ဝေခဲ့ပါတယ်။
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေထဲက မှိုင်းဝေ၊ Ko Thet ၊ Kyaw Swar ၊ ဟန်ငြိမ်းဦး၊ နေပြည်တော် စတဲ့ ချန်နယ် ၅ ခုကို စောင့်ကြည့်ခဲ့သလို ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ၆ လအတွင်း အကြမ်းဖက်ဖို့ သွေးထိုးလှုံ့ဆော်တာ စုစုပေါင်း ၂၃၄ ခုအထိ ရှိခဲ့တယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။
မြတ်သဇင်