သြစတြေးလျအစိုးရဟာ အွန်လိုင်းမှာ သတင်းမှားတွေပျံ့နှံ့မှုကို တားဆီးဖို့အတွက် အင်တာနက် ပလက်ဖောင်းတွေကို သူတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဝင်ငွေရဲ့ ၅ ရာခိုင်နှုန်းအထိ ဒဏ်ငွေရိုက်မှာဖြစ်ကြောင်း စက်တင်ဘာ ၁၂ ရက်က ပြောကြားလိုက်ပါတယ်။
ဒါဟာ နယ်နိမိတ် စည်းခြားလို့မရတဲ့ နည်းပညာ ကုမ္ပဏီကြီးတွေကို ထိန်းချုပ်နိုင်ဖို့ ကမ္ဘာတဝန်း တွန်းအားပေးမှုမှာ ပါဝင်လိုက်တာဖြစ်ပြီး လွတ်လပ်စွာပြောဆိုခွင့်ကို ထောက်ခံသူတွေကတော့ ဒါကို ဒေါသထွက်ကြပါတယ်။
အစိုးရက အန္တရာယ်ရှိတဲ့ လိမ်လည် လှည့်ဖြားမှုတွေကို ရပ်တန့်အောင် နည်းပညာဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတွေကို သတ်မှတ်ပေးမှာဖြစ်ပြီး စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အတည်ပြုပေးမယ်လို့ ဆိုပါတယ်။
ပလက်ဖောင်းတခု မအောင်မြင်ဘူးဆိုရင် စည်းကမ်းထိန်းသိမ်းရေးဟာ သူ့ရဲ့ ကိုယ်ပိုင်စံနှုန်းကို သတ်မှတ်ပေးမှာဖြစ်ပြီး အဲဒီနောက် မလိုက်နာတဲ့ ကုမ္ပဏီတွေကို ဒဏ်ငွေဆောင်ခိုင်းမှာ ဖြစ်ပါတယ်။
ကြာသပတေးနေ့က လွှတ်တော်မှာ မိတ်ဆက်ခဲ့တဲ့ ဥပဒေဟာ ရွေးကောက်ပွဲ ဂုဏ်သိက္ခာ သို့မဟုတ် ပြည်သူ့ကျန်းမာရေးကို ထိခိုက်စေတဲ့ အကြောင်းအရာမှားတွေ၊ လူအုပ်စုကို ရှုတ်ချခြင်း သို့မဟုတ် လူပုဂ္ဂိုလ် တဦးတယောက်ကို ထိခိုက်စေဖို့ တောင်းဆိုမှုတွေ၊ အရေးကြီး အခြေခံအဆောက်အဦ သို့မဟုတ် အရေးပေါ်ဝန်ဆောင်မှုတွေကို အနှောင့်အယှက်ဖြစ်စေမယ့် သတင်းမှားတွေကို ပစ်မှတ်ထားတာ ဖြစ်ပါတယ်။
ဒီဥပဒေမူကြမ်းကတဆင့် သြစတြေးလျအစိုးရဟာ သတင်းမှားတွေ ပျံ့နှံ့မှုနဲ့ ဩစတြေးလျ ဒီမိုကရေစီနဲ့ အများပြည်သူ ဘေးကင်းရေးကို ထိခိုက်ပျက်စီးစေမှာကနေ အကာအကွယ်ပေးဖို့ လုပ်ဆောင်နေတာလို့ ဆက်သွယ်ရေးဝန်ကြီး မစ်ရှဲလ် ရိုလန်က ပြောပါတယ်။
Source-Reuters