Home
နိုင်ငံတကာ
ဆီနာလိုအာ မူးယစ်ဂိုဏ်းကို စပိန်ရဲ ဖြိုခွင်းပြီး လူ ၁၄ ဦးကို ဖမ်းဆီး
DVB
·
November 19, 2024
Photo : SPANISH POLICE HANDOUT

စပိန်ရဲတပ်ဖွဲ့ဟာ မက္ကဆီကိုနိုင်ငံရှိ ဆီနာလိုအာ မူးယစ်ရာဇဝတ်ဂိုဏ်းနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းကို ဖြိုခွင်းနှိမ်နင်းလိုက်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

ကာတာလိုးနီးယားမှာ အမျိုးသားတယောက်ကို ပြန်ပေးဆွဲ သတ်ဖြတ်ခံရမှုမှာ ပါဝင်ပတ်သက်နေမှု သံသယနဲ့  အမျိုးသား ၁၁ ယောက်နဲ့ အမျိုးသမီး ၃ ယောက်တို့ကို ဖမ်းဆီးထားကြောင်းလည်း ဆိုပါတယ်။

စပိန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ကာတာလိုးနီးယားဒေသမှ တာရာဂိုနာ ဆိပ်ကမ်းမြို့ရှိ သစ်တောအုပ်ထဲမှာ အသက် ၄၆ နှစ်အရွယ် အမျိုးသားတယောက် အကြမ်းဖက်ခံထားရတဲ့ လက္ခဏာတွေနဲ့ သေဆုံးနေတဲ့ ယိုယွင်းပျက်စီးမှုတွေ ရှိနေတဲ့ ရုပ်အလောင်းကို တွေ့ရှိရချိန်မှာ စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့တာပါ။

စုံစမ်းစစ်ဆေးမှုတွေအရ ပြန်ပေးဆွဲသူတွေဟာ ကိုဆိုဗိုမှာရှိတဲ့ သူ့မိသားစုဆီကို ပြန်ပေးရွေးငွေ ယူရို ၂၄၀,၀၀၀ ပေးဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ ဒစ်ဂျစ်တယ်ငွေကြေးနဲ့ တစိတ်တပိုင်း ပေးချေခဲ့ပေမဲ့ ပြန်ပေးဆွဲခံရသူ ရောက်ရှိနေတဲ့နေရာကို မသိခဲ့ရပါဘူး။

ရဲတပ်ဖွဲ့ကတော့ နစ်နာသူဟာ အဲဒီအဖွဲ့အစည်းအတွက် အလုပ်လုပ်ပေးနေသူလို့ သိရပြီး ပြန်ပေးဆွဲခြင်း မခံရခင်က အီတလီကနေ ဘာစီလိုနာကို ခရီးထွက်ခဲ့တယ်လို့ ယူဆထားပါတယ်။

စုံစမ်းစစ်ဆေးမှုကနေ ပြန်ပေးဆွဲမှုမှာ  ပါဝင်ပတ်သက်နေသူ အများအပြားနဲ့ မက်သာဖက်တမင်း စိတ်ကြွဆေးပြား မှောင်ခိုရောင်းဝယ်မှုတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဒီမူးယစ်ဂိုဏ်းဟာ မက်သာဖက်တမင်း စိတ်ကြွဆေးပြားတွေကို အဝတ်အထည်တွေထဲ ဝှက်ထည့်ပြီးတော့ မက္ကဆီကိုမှ စပိန်ကို ခိုးသွင်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

နေအိမ် ၅ လုံးနဲ့ စားသောက်ဆိုင်တဆိုင်တို့ကို ရှာဖွေရာမှာ ကာတာလိုးနီးယားမှာ စိတ်ကြွဆေးဓာတ်ခွဲခန်းတခုကို ရဲတွေ တွေ့ရှိခဲ့ပြီး အဲဒီမှာ သူတို့ဟာ အဝတ်အထည်တွေထဲကနေ မူးယစ်ဆေးဝါးတွေကို ထုတ်ယူပြီးတော့ ပြန်ဖြန့်ဖြူးဖို့ ပြင်ဆင်နေကြတာလို့ ဆိုပါတယ်။

အာဏာပိုင်တွေဟာ မက်သာဖက်တမင်း စိတ်ကြွဆေးပြားတွေနဲ့ အက်ခ်တဆီလို့ သိကြတဲ့ စိတ်ကြွဆေးပြားတွေ အပါအဝင် ဓာတုဗေဒဆေးဝါးတွေ၊ ဆေးခြောက်တွေ၊ သေနတ်တွေနဲ့ ဒစ်ဂျစ်တယ်ငွေကြေးတွေ အများအပြားကို သိမ်းဆည်းရမိခဲ့ပါတယ်။

အသက် ၃၀ ကနေ ၇၀ နှစ်ကြားရှိ သံသယရှိသူတွေကို ပြန်ပေးဆွဲမှု၊ လူသတ်မှု၊ ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေနဲ့ တရားစွဲဆိုထားပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024