Home
နိုင်ငံတကာ
ရာသီဥတုပြောင်းလဲမှုနှင့် ဆင်းရဲမွဲတေမှုလျှော့ချရန် G-20 ခေါင်းဆောင်များ တောင်းဆို
DVB
·
November 19, 2024
Photo: Reuters

ဂါဇာနဲ့ ယူကရိန်းစစ်ပွဲကြောင့် ခံစားနေရတဲ့ ပဋိပက္ခတွေကို မီးမောင်းထိုးပြထားပြီး ရာသီဥတု ပြောင်းလဲလာမှု၊ ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ အခွန်မူဝါဒဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ တောင်းဆိုထားတဲ့ ပူးတွဲကြေညာချက်တစောင်ကို G-20 ခေါင်းဆောင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရိုးက မော်ဒန်အာ့တ် ပြတိုက်မှာ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့  နှစ်ရက်ကြာ ထိပ်သီးဆွေးနွေးပွဲကို ကျင်းပနေတာပါ။

ကမ္ဘာ့အာဏာအစီအစဉ်အရွေ့နဲ့ အမေရိကန်မှာ ဒေါ်နယ်ထရမ့်ပ် တက်မလာမီ ဘုံသဘောတူညီမှု ရရှိနိုင်ရေး ကြိုးပမ်းမှုတွေကို ဒီဆွေးနွေးပွဲမှာ မြင်တွေ့နေရတယ်လို့ ရိုက်တာသတင်းက သုံးသပ်ပါတယ်။

ခေါင်းဆောင်တွေရဲ့ ကုန်သွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုနဲ့ နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုတွေဟာ ထရမ့်ပ် တက်လာရင် ပြောင်းလဲဖို့ရှိနေတဲ့ အမေရိကန်မူဝါဒနဲ့ ကွဲလွဲမှုတွေ ရှိနေခဲ့ပါတယ်။

ဒါပေမဲ့လည်း ခေါင်းဆောင်တွေဟာ အရှိန်တက်လာတဲ့ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး သဘောတူညီချက်တရပ် ယူနိုင်ခဲ့ပြီး လူသားဒုက္ခနဲ့ စီးပွားရေးကိုပဲ အာရုံစိုက်ဖော်ပြခဲ့တာ တွေ့ရပါတယ်။

ရုရှားဘက်က သမ္မတ ဗလာဒီမာ ပူတင် မတက်ရောက်ဘဲ နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ တက်ခဲ့ပါတယ်။

ဂါဇာအရေးမှာလည်း ကပ်ဘေးအဆင့် လူသားချင်းစာနာမှု အကျပ်တည်းကိုပဲ အာရုံစိုက် ဖော်ပြခဲ့ပြီး အရေးပေါ်အကူအညီတွေနဲ့ အရပ်သားကာကွယ်မှုတွေ ပိုပေးဖို့၊ ဂါဇာနဲ့ လက်ဘနွန်မှာ ကျယ်ကျယ်ပြန့်ပြန့် အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုခဲ့ပါတယ်။

ပူးတွဲကြေညာချက် ထုတ်ဖို့ရာမှာ သံတမန်တွေကြား အသည်းအသန် ဆွေးနွေးခဲ့ရပြီး  ရာသီဥတု ပြောင်းလဲမှုဆိုင်ရာကိစ္စမှာ အကျေအလည် ငြင်းခုံခဲ့ရတယ်လို့ ဆိုပါတယ်။

ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ချမ်းသာတဲ့နိုင်ငံတွေက ဆင်းရဲတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အတွက် ဘယ်လောက်ထောက်ပံ့မလဲဆိုတဲ့ ဘဏ္ဍာရေးမျှော်မှန်းချက်နဲ့ ပတ်သက်ပြီး အဇာဘိုင်ဂျန်မှာ ကျင်းပနေတဲ့ COP29 ညီလာခံအပြီးမှာ သဘောတူညီချက်ရဖို့ လိုတယ်လို့ ခေါင်းဆောင်တွေက သဘောတူခဲ့ပါတယ်။

နိုင်ငံပေါင်း ၈၀ ကျော်ရဲ့ ထောက်ခံမှုနဲ့ ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖွဲ့ကြီး ဖွဲ့စည်းကြောင်း ကြေညာချက်နဲ့အတူ အိမ်ရှင် ဘရာဇီးသမ္မတ လူလာဒါဆေးလ်ဗားက ထိပ်သီးဆွေးနွေးပွဲကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013