Home
နိုင်ငံတကာ
ကမ္ဘာ့တောင်ပိုင်းကို ပံ့ပိုးမည့်အစီအစဉ် တရုတ်သမ္မတ ရှီကျင့်ဖျင် ကြေညာ
DVB
·
November 19, 2024
Photo: Eric Lee/Pool via REUTERS

ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရိုးမှာ ကျင်းပတဲ့ G-20 ထိပ်သီးဆွေးနွေးပွဲမှာ တရုတ်သမ္မတ ရှီချင့်ဖျင်က ‘ကမ္ဘာ့တောင်ပိုင်း’ (Global South) ကို ပံ့ပိုးမယ့်အစီအစဉ်တွေကို ကြေညာခဲ့ပါတယ်။

Global South ဆိုတာဟာ အများအားဖြင့် တောင်ကမ္ဘာခြမ်းမှာရှိတဲ့ ဖွံ့ဖြိုးဆဲ၊ ထွန်းသစ်စ၊ ဝင်ငွေနိမ့် နိုင်ငံတွေကို ရည်ညွှန်းတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။

ယေဘုယျအားဖြင့် အာရှ၊ အာဖရိကနဲ့ တောင်အမေရိကနိုင်ငံတွေ ပါတယ်လို့ ပြောလို့ရပေမဲ့ နယ်မြေထက် ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ ထွန်းသစ်စ နိုင်ငံတွေကို ရည်ညွှန်းတာဖြစ်ပါတယ်။

အရင်က ‘တတိယကမ္ဘာ’ လို့ သုံးခဲ့ကြတဲ့ အသုံးအနှုန်းနေရာမှာ ကမ္ဘာ့တောင်ပိုင်း (Global South) လို့ ပြောင်းသုံးလာတာ ဖြစ်ပါတယ်။

ဆောင်ရွက်ချက် ၈ ရပ်နဲ့ ကမ္ဘာ့တိုးတက်ရေး လုပ်သွားမယ်လို့ ရှီက ပြောပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေက အခြေခံအဆောက်အအုံ စီမံကိန်းတွေမှာ တရုတ်က တိုက်ရိုက် အကြီးအကျယ် ရင်းနှီးမြှုပ်နှံတဲ့ ရှီရဲ့ ပင်မနိုင်ငံခြားရေးမူဝါဒဖြစ်တဲ့ ရပ်ဝန်းနဲ့ လမ်းစီမံချက် (Belt and Road Initiative) ဟာ အဲဒီ ၈ ချက်ထဲမှာ အပါအဝင်ဖြစ်ပါတယ်။

တရုတ်ဟာ ဘရာဇီး၊ တောင်အာဖရိက၊ အာဖရိကသမဂ္ဂတို့နဲ့အတူ ကမ္ဘာ့တောင်ပိုင်းမှာ သိပ္ပံနဲ့ နည်းပညာ တီထွင်မှုတွေ အားကောင်းစေမယ့် ‘Open Science International Cooperation Initiative’  ကို စတင်မယ်လို့လည်း ကြေညာခဲ့ပါတယ်။

G-20 အိမ်ရှင် ဘရာဇီးနဲ့ အခြားထွန်းသစ်စနိုင်ငံတွေဟာ နိုင်ငံစုံဆွေးနွေးပွဲတွေမှာ အဓိကနေရာ ရောက်လာကြချိန်မှာ တရုတ်ကလည်း ဒီကမ္ဘာ့တောင်ပိုင်းအယူအဆကို ရှေ့တန်းတင်လာတာ ဖြစ်ပါတယ်။

ကမ္ဘာ့တောင်ပိုင်းလှုပ်ရှားမှုအပေါ် ချမ်းသာတဲ့ နိုင်ငံတွေအကြား မသက်မသာ ခံစားနေရမှုဟာ အခွင့်အလမ်းလို့ တရုတ်က ရှုမြင်ထားပြီး အာဖရိက အပါအဝင် ဖွံ့ဖြိုးဆဲကမ္ဘာမှာ စီးပွားရေးနဲ့ နိုင်ငံရေး ပူးပေါင်းမှုတွေ အရှိန်အဟုန် မြှင့်လာခဲ့ပါတယ်။

အရင်တုန်းက ကမ္ဘာ့စီးပွားရေးနဲ့ ပတ်သက်လာရင် G7 ဆိုတဲ့ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံတွေချည်းပဲ တက်ရောက်တဲ့ ဆွေးနွေးပွဲကပဲ လွှမ်းမိုးထားတာကို ပြင်ဆင်ဖို့ ၂၀၀၇-၂၀၀၈ ကမ္ဘာ့ ဘဏ္ဍာရေး အကျပ်အတည်းကာလ အလွန်မှာ G-20 ကို ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

G-20 အဖွဲ့ဝင်တွေဟာ ကမ္ဘာ့ GDP ရဲ့ ၈၅ ရာခိုင်နှုန်း၊ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၇၅ ရာခိုင်နှုန်း၊ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံနှစ်ပုံကို ကိုယ်စားပြုပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013