တရုတ်သမ္မတ ရှီကျင့်ဖျင်က တပ်ဖွဲ့ဝင်တွေ လေ့ကျင့်မှု အပြည့်အဝ အရှိန်မြှင့်ဖို့၊ တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်တာတွေ အရှိန်မြှင့်ဖို့နဲ့ အားကောင်းပြီး ခေတ်မီတဲ့ လေကြောင်းချီတပ်ဖွဲ့ကို တည်ဆောက်ဖို့ လေကြောင်းချီ စစ်ဆင်ရေးစွမ်းရည်တွေ မြှင့်တင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ အထွေထွေအတွင်းရေးမှူးနဲ့ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ရှီက တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ်၊ ရှောင်ဂန်းမြို့မှာ လေထီးတပ်ရဲ့ တပ်မကြီးကို စစ်ဆေးနေချိန် တနင်္လာနေ့ မွန်းလွဲပိုင်းမှာ ခုလို ပြောခဲ့တာပါ။
ရှီက တပ်မတော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပြီး တိုက်ခိုက်ရေးနဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို စစ်ဆေးခဲ့ပါတယ်။ အမှတ်အသားလက်နက်နဲ့ စက်ပစ္စည်းတွေရဲ့ နည်းပညာနဲ့ နည်းဗျူဟာဆိုင်ရာ အားသာချက်တွေကို လေ့လာခဲ့ပါတယ်။
လေကြောင်းချီတပ်ဖွဲ့ရဲ့ သမိုင်းပြတိုက်ကို လာလည်ချိန်မှာ စစ်သားတွေနဲ့ အရာရှိတွေဟာ ရိုးရာဓလေ့ကောင်းတွေကို သယ်ဆောင်ရင်း ခေတ်သစ် သူရဲကောင်းတွေ ဖြစ်လာစေရေး ကြိုးပမ်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ခေတ်သစ်စစ်ပွဲမှာ လေကြောင်းချီ စစ်ဆင်ရေးဆိုင်ရာ အထူးအချက်တွေ ဥပဒေတွေကို ကျွမ်းကျင်ပိုင်နိုင်စေဖို့နဲ့ ဝေဟင်စစ်ဆင်ရေးဆိုင်ရာ သဘောတရားတွေကို မွမ်းမံပြင်ဆင်ဖို့ ရှီက တိုက်တွန်းခဲ့ပါတယ်။
တိုက်ခိုက်ရေးနဲ့ လေ့ကျင့်ရေးတွေ ပေါင်းစည်းရေးကို မြှင့်တင်ဖို့၊ ပူးတွဲကွပ်ကဲမှု၊ ပူးတွဲစစ်ဆင်ရေးနဲ့ ပူးပေါင်းပံ့ပိုးမှု စွမ်းရည်တွေ အားကောင်းလာစေဖို့ကိုလည်း ရှီက အလေးပေး ပြောခဲ့ပါတယ်။
တရုတ်လေတပ်ဟာ ကိုယ်ပျောက်တိုက်လေယာဉ် J-35A ကို တရားဝင် ထုတ်ဖော်ပြသဖို့ စီစဉ်ထားပြီး အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ စစ်ဘက်ဆိုင်ရာ စွမ်းရည်တွေကို မြှင့်တင်ပေးမယ့် အလွန်မျှော်လင့်ထားတဲ့ သူ့ရဲ့ပိုင်ဆိုင်မှုကို လေ့လာသူတွေအတွက် ပထမဆုံး ကြည့်ရှုခွင့်ပေးခဲ့ပါတယ်။
နိုဝင်ဘာ ၅ ရက်က လေတပ်သတင်းစာ ရှင်းလင်းပွဲတရပ်အတွင်း ထုတ်ပြန်ခဲ့တဲ့ တိုက်လေယာဉ်ဟာ လာမယ့်သီတင်းပတ်မှာ တရုတ်တောင်ပိုင်းမြို့ ကျူးဟိုင်မှာ ကျင်းပမယ့် လေကြောင်းပြပွဲမှာ ထွက်လာမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဂျက်လေယာဉ် ဖွံ့ဖြိုးတိုးတက်မှုဟာ အမေရိကန်ရဲ့ ကိုယ်ပျောက် တိုက်လေယာဉ်စွမ်းရည်တွေနဲ့ ကိုက်ညီစေအောင် တရုတ်ပြည်မကြီးအစိုးရက ကြိုးပမ်းမှု တစိတ်တပိုင်းဖြစ်ပါတယ်။ တရုတ်စစ်တပ်ကို ခေတ်မီစေဖို့နဲ့ အာရှမှာ တရုတ်စစ်တပ်အင်အား အခိုင်အမာရဖို့ တွန်းအားပေးနေတယ်လို့လည်း မီဒီယာတွေက သုံးသပ်ထားပါတယ်။
Source: Reuters