Home
နိုင်ငံတကာ
တရုတ်သမ္မတ ဥရောပခရီးစဉ် နောက်ဆုံးနိုင်ငံအဖြစ် ဟန်ဂေရီ ရောက်ရှိ
DVB
·
May 9, 2024
Hungarian Prime Minister Orban welcomes Chinese President Xi Jinping at the Ferenc Liszt International Airport in Budapest

ဥရောပနိုင်ငံတွေကို ခရီးလှည့်နေတဲ့  တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မေ ၈ ရက်မှာ ဟန်ဂေရီနိုင်ငံရဲ့ မြို့တော် ဘူဒါပတ်စ်မြို့ကို ရောက်လာပါတယ်။

သံတမန်ဆက်ဆံရေး ၇၅ နှစ် ပြည့်မြောက်တဲ့ ဟန်ဂေရီနဲ့ တရုတ်တို့ဟာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အသစ် ၁၆ ခုကနေ ၁၈ ခု အထိကိုလည်း လက်မှတ်ထိုးဖို့ မျှော်လင့်ထားပါတယ်။

သဘောတူညီချက်တွေထဲက တခုဟာ တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးလမ်းစီမံကိန်းအတွင်း အကြီးစားအခြေခံ အဆောက်အအုံစီမံကိန်း ဖြစ်လာနိုင်တယ်လို့ ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာ ဆစ်ဂျာတို က သီတင်းပတ်အစောပိုင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဟန်ဂေရီနိုင်ငံဟာ ရှီရဲ့ ငါးနှစ်အတွင်း ပထမဆုံး ဥရောပခရီးစဉ်မှာ တတိယမြောက်နဲ့ နောက်ဆုံး ရပ်နားတဲ့ နိုင်ငံပါ။

ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ တရုတ်အပေါ် မှီခိုမှုနည်းလာနေတဲ့ တခြား ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ မတူဘဲ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုအတွက် အရေးပါတဲ့ မိတ်ဖက်နိုင်ငံတခုအဖြစ် အလယ်ဥရောပက ကုန်းပိတ်နိုင်ငံ ဟန်ဂေရီက နွေးနွေးထွေးထွေး ကြိုဆိုခံရနိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ထားပါတယ်။

ရှီဟာ ပြင်သစ်နဲ့ ဆားဘီးယားနိုင်ငံတို့ဆီ သွားရောက်လည်ပတ်ပြီးတဲ့နောက် ဟန်ဂေရီဆီ ရောက်လာတာပါ။ ဆားဘီးယားလိုပဲ ဟန်ဂေရီဟာ တရုတ်ရဲ့ ခါးပတ်တကွင်း လမ်းတစင်း မဟာစီမံကိန်းကြီးကို ထောက်ခံသူ နိုင်ငံ ဖြစ်ပါတယ်။

အာရှနဲ့ အာဖရိက၊ ဥရောပတို့ကို ချိတ်ဆက်ပေးမယ့် ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံနဲ့ စွမ်းအင်ကွန်ရက်တွေ ချိတ်ဆက် တည်ဆောက်မယ့် မျှော်လင့်ချက်ဖြင့် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက ဒီစီမံကိန်းကို ရှီကျင့်ဖျင်က ရည်မှန်းချက်ကြီးကြီးနဲ့ စတင်ခဲ့တာပါ။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မေ ၉ ရက်နေ့မှာ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

Source/Photo - PM Office/Vivien Cher Benko/Handout via REUTERS

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013