Home
မြန်မာသတင်း
မောင်တောတွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်က တံတား ၃ စင်းကို ထပ်မံမိုင်းခွဲဖျက်ဆီး
DVB
·
May 9, 2024
bridge 952024

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်( AA) တို့အကြား တိုက်ပွဲပြင်းထန်နေကြပြီး စစ်ကောင်စီဘက်က စစ်အင်အားဖြည့်တင်းမှုတွေ ရှိနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောမြို့နယ် ကညှင်းချောင်းစီးပွားရေးဇုန်အနီးမှာ မေ ၈ ရက် မနက်ပိုင်းကတည်းက တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူတွေ ပေးနေရတယ်လို့ မောင်တောဒေသခံတွေက ပြောပါတယ်။

မောင်တောမြို့နယ် စစ်ရေးအခြေအနေသိသူ တဦးက “တိုက်ပွဲက ဒီရက်ပိုင်းတော်တော်လေးကို ပြင်းထန်နေကြတာ။ ကညှင်းချောင်း စီးပွားရေးဇုန် အနီးမှာ တိုက်ပွဲဖြစ်နေတာတွေ ရှိတာကြောင့် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေရော့ နခခ ၅ မြို့သူကြီးကရော လက်နက်ကြီး ပစ်ကူတွေပေးနေရတယ်။ နတ်မြစ်မှာရှိတဲ့ နေဗီကလည်း ပစ်ကူတွေ ပေးနေတယ်”လို့ ပြောပါတယ်။

မေ ၇ ရက်ကလည်း မောင်တောမြို့နယ် ကညှင်းချောင်း ဆိပ်ကမ်းကနေ ရေတပ်သင်္ဘာ ၃ စီးနဲ့ စစ်အင်အား လူအင်အားတွေ ဖြည်းတင်းမှုတွေရှိခဲ့ပါတယ်။

မေ ၆ ရက်ကလည်း တိုက်ပွဲဖြစ်ပွားတဲ့ ကညှင်တော၊ ပေါင်ဇား၊ လဘော်ဇားကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး အိမ်တချို့လည်း မီးလောင်မှုသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ မောင်တောမြို့နယ် ၄ မိုင်ရှိ နယ်ခြားစောင့်ရဲတပ်ရင်း ၂၊ နခခ (၂) ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်လာတဲ့အတွက် စစ်ကောင်စီတပ်က မောင်တောမြို့နယ်အတွင်း အရေးပါတဲ့တံထား ၃ စင်းကိုလည်း မိုင်းခွဲ ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောမြို့ ၃ မိုင် ကျီးကန်းပြင်လမ်းကားမှာရှိ ဇူလကျေးရွာအနီးက တံတားကို မေ ၆ ရက်မှာ နခခ  ၅ ရဲတပ်ရင်းက မိုင်းခွဲဖျက်ဆီးခဲ့သလို မေ ၇ ရက်မှာလည်း သီဟိုအေးကျေးရွာအနီးက တံတားကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒ့ါအပြင် မေ ၆ ရက်ကလည်း AA သိမ်းပိုက်ထားတဲ့ နခခ ၁၀ (လှဖိုးခေါင်)နဲ့ မောင်တောမြို့ကို ဆက်သွယ်ထားတဲ့ မြို့ဝင်လဘော်ဇားတံထားကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ မောင်တောမြို့ခံ နောက်တဦးက ပြောပါတယ်။

“မောင်တောမှာ နခခ ၁ ကျီးကန်းပြင်ဌာနချုပ်နဲ့ နခခ ၁၀ လှဖိုးခေါင်ဌာနချုပ်တွေကို AA က သိမ်းလိုက်ပြီးနောက် စစ်ကောင်စီက မြို့သိမ်းခံရမှာကို တော်တော်လည်း ကြောက်နေကြတာ။ အဲဒါကြောင့် မြို့နယ် ဆက်သွယ်ထားတဲ့ တံတားတွေကို မိုင်းခွဲဖျက်ဆီးလိုက်ကြတာ ဖြစ်တယ်။ စစ်ကောင်စီက AA ကို ကြောက်လို့ တံတားကို ဖျက်ဆီးလိုက်ရင်လည်း ထိုးစစ်ကိုတော့ ဟန့်တားနိုင်မှာ မဟုတ်တော့ဘူး။ ဒီနေ့တောင် တိုက်ပွဲက တော်တော်လေးကို ပြင်းနေကြတာ။ အခု ဖျက်ဆီးလိုက်တဲ့ ဒေသခံတွေအတွက် လမ်းပန်းဆက်သွယ်အတွက် အရေးပါတဲ့တံတားတွေ ဖြစ်တယ်” လို့ ပြောပါတယ်။

မေ ၆ ရက်က ဘူးသီးတောင်မြို့ဝင် ပန်ဇင်းချောင်းတံတားကိုလည်း စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။

အခုရက်ပိုင်းအတွင်း မောင်တောမြို့နယ်က နယ်ခြားစောင့်ဌာနချုပ် ၂ ကို AA က သိမ်းပိုက်လိုက်တဲ့အတွက် စစ်ကောင်စီတပ်သား ၁၀၀ ကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြပါတယ်။

လက်ရှိမှာ ဘူးသီးတောင်၊ မောင်တော၊ အမ်းနဲ့ သံတွဲမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ AA တို့အကြား တိုက်ပွဲပြင်းထန်နေကြပြီး စစ်ကောင်စီက လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ အသည်းအသန် ခုခံနေရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013