Home
မြန်မာသတင်း
ပုသိမ်မြို့ အားကစားကွင်းနှင့်စာသင်ကျောင်းအနီးက ဆိုင်ခန်း ၂၀၀ ကျော် ဖယ်ရှားရန် အမိန့်ထုတ် 
DVB
·
May 9, 2024
PatheinSports_09052024

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က မြို့နယ်အားကစားကွင်းနဲ့ စာသင်ကျောင်းအနီး အငှားချထားတဲ့ ဆိုင်ခန်းတွေအပါအဝင် ဝန်ထမ်းသက်သာ ဆိုင်ပေါင်း ၂၀၀ ကျော်ကို အခုမေလအတွင်း အပြီးဖျက်ပေးဖို့ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာတွေက အမိန့်ထုတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ကျောက်တိုင် အားကစားကွင်း၊ ကိုးသိန်း အားကစားကွင်း အ.ထ.က (၃)၊ အ.ထ.က (၉)၊ အ.ထ.က (၁၁) နဲ့ အ.လ.က (၂) ကျောင်းတွေ ဘေးပတ်လည်မှာရှိတဲ့ ဆိုင်ခန်းတွေနဲ့ ဝန်ထမ်းသက်သာ ဆိုင်ခန်းပေါင်း ၂၀၀ ကျော်ကို ဖယ်ပေးဖို့ ပညာရေးနဲ့ အားကစားဌာနတွေက အမိန့်ထုတ်ထားတာ လို့ ဆိုပါတယ်။ 

ဈေးဆိုင်လုပ်ငန်းရှင် တဦးက “အခု ဆိုင်ခန်းတွေ အားလုံးက အဆင့်ဆင့် ငှားရမ်းလာတဲ့ အခန်း တွေပါ။ ဈေးလည်း များတာကြောင့် အခုလို ဖယ်ခိုင်းတော့ အတော့်ကို နစ်နာမှု ရှိတယ်။ ဆိုင်ခန်း နှစ်ရာကျော်လောက် ရှိမယ်။ အရင်က ဝန်ထမ်းသက်သာဆိုပြီး ဆိုင်ခန်းတွေကို ဆောက်ပြီး ရောင်းခဲ့တာ။ နှစ် ၃၀ ကျော်နဲ့ ၂၀ ကျော် ရောင်းချနေတဲ့ဆိုင်တွေပါ။ ခုတော့ ကျူးကျော်တွေဆိုပြီး ခေါင်းစဉ်တပ်ပြီး ပြန်ဖျက်ခိုင်းတာပါ” လို့ ပြောပါတယ်။ 

ဆိုင်ခန်းတွေကို မေလကုန်ပိုင်းအတွင်း အပြီးဖယ်ရှားရမယ်လို့ အမိန့်ထုတ်ထားတာကြောင့် ဆိုင်ခန်းများ ပြောင်းရွှေ့နိုင်ရေး နေရာတွေ ကြိုတင်ငှားရမ်းရမှာဖြစ်လို့ အခန်းငှားရမ်းခတွေ ဈေးတက်မည်ကို စိုးရိမ်ပူပန်နေတယ်လို့ ဆိုပါတယ်။ 

ဈေးဆိုင်ခန်း လုပ်ငန်းရှင်တဦးက “အဲဒီနေရာတွေ အားကစားကွင်း၊ စာသင်ကျောင်းတွေနဲ့ နီးတယ်ဆိုတာထက် တိုင်းအစိုးရရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ တိုင်းကြံ့ခိုင်ရေးပါတီရုံးတွေနဲ့ ပိုနီးတယ်လေ။ ဒါ့ကြောင့် လုံခြုံရေးအရ ဖယ်ရှားခိုင်းတာ ဖြစ်နိုင်ပါတယ်။ ရုတ်တရက် စာရောက်လာတော့ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး။ အခုခေတ် ဈေးနှုန်းတွေနဲ့ အဆင်မပြေဘူး” လို့ ပြောပါတယ်။

အဲဒီလို ဆိုင်းခန်းတွေကို ဖယ်ရှားခိုင်းတာကြောင့် လူဦးရေ ၅၀၀ ထက်မနည်း အလုပ်လက်မဲ့ ဖြစ်သွားနိုင်ပြီး လူမှုစီးပွားဘဝတွေ ထိခိုက်လာနိုင်တယ်လို့ ဆိုင်ခန်းငှားရမ်းထားသူတွေက ဆိုပါတယ်။ 

ဒါ့အပြင် ၂၀၂၃ ခုနှစ်ကလည်း ပုသိမ်မြို့က ဆောက်လုပ်ရေးဌာနပိုင် မြေနေရာမှာ အငှားချထားတဲ့ ဆိုင်ခန်းပေါင်း ၂၀ နီးပါးကို ဖယ်ရှားခဲ့ပြီး အဲဒီနေရာတွေကို ခြံဝင်းခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

Photo- CJ/MOI 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013