Home
မြန်မာသတင်း
မိုးမောက်မြို့နယ်၌  တိုက်ပွဲပြင်းထန်၊  စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
DVB
·
May 9, 2024
moe 952024

ကချင်ပြည်နယ်  မိုးမောက်မြို့ထဲမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)တပ်တွေ မေ ၈ ရက်က တနေကုန် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးမောက်မြို့ကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံ တဦးက ပြောပါတယ်။

“မနက် အစောကြီးကတည်းကနေ နှစ်ဖက်ဖြစ်နေကြတာ။ မနေ့ညနေပိုင်းကတည်းက တောင်ပေါ်က အဖွဲ့တွေ (KIA) က ဈေး အထက်ပိုင်းကိုရောက်နေပြီ၊ ဒီနေ့က စစ်တပ်တပ်စွဲထားတဲ့ ဈေးအနီးက တိုက် ၄ ထပ် ဘက်အသံတွေ အရင်ကြားရတယ်။ အဲဒီကနေ တနေကုန်ပဲ၊ လေယာဉ်ကလည်း တနေကုန်လာတယ်။ ဂျက်လာလိုက်၊ ဗုံးချတဲ့လေယာဉ်လာ လိုက်နဲ့ တနေကုန်။ အခုညနေပိုင်းကြဲသွားတာဆို တခေါက်တည်းနဲ့ အလုံး ၂၀ လောက်ချသွားတယ်၊ ညနေပိုင်း အထိ အသံတွေ ကြားနေရတုန်းပဲ။” 

စစ်ကောင်စီတပ်သားတွေဟာ မြို့အလယ်က ဈေးပတ်ဝန်းကျင်မှာ နေရာယူထားရာကနေ KIA က လာရောက်တိုက်ခိုက်တာကြောင့် မိုးမောက်မြို့အဝင်က ခ.လ.ရ (၄၃၇) တပ်စခန်း အနီးကို ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

မေ ၈ ရက်ညပိုင်းအထိ  မိုးမောက် ခ.လ.ရ (၄၃၇)အနီးပတ်ဝန်းကျင်မှာ နှစ်ဖက် ပစ်ခတ်သံတွေ ကြားနေရတယ်လို့ မိုးမောက်မြို့ကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတဦးက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် မိုးမောက်မြို့က နေအိမ်တွေ ထိခိုက်ပျက်စီး မီးလောင်တာရှိတယ်လို့ မိုးမောက်မြို့ကနေ ထွက်ပြေးလာသူက ပြောပါတယ်။

“မြို့မှာကျန်ခဲ့တဲ့လူနဲ့ အဆက်အသွယ်ရတယ်။ ဈေးပိုင်းမှာ မီးလောင်တယ်လို့ ပြောတယ်။ အိမ်တွေလည်း အများကြီးပျက်စီးသွားတာတဲ့၊ ဒီနေ့အထိဆိုရင် အိမ်ခြေ ၄၀ လောက်ရှိမယ်လို့ ပြောတယ်။ သူတို့လည်း တိုက်ပွဲတွေ ဖြစ်နေတော့ ထွက်ကြည့်လို့ မရဘူးတဲ့။ လက်နက်ကြီးတွေရော ကျတယ်။ ဗန်းမော်ကနေလည်း လက်နက်ကြီးတွေ တအားပစ်ပေး နေတယ်။” 

လက်ရှိ မိုးမောက်မြို့မှာ စစ်ကောင်စီတပ်သားတွေ မြို့အလယ်မှာတပ်စွဲထားတဲ့ နေရာကနေ ခ.လ.ရ(၄၃၇) တပ်စခန်းကို တပ်ဆုတ်သွားသွားပေမဲ့ ခ.လ.ရ(၄၃၇)တပ်စခန်း ပတ်ဝန်းကျင်ကနေ ဆက်လက် ခုခံနေပါတယ်။

ဗန်းမော်မြို့ကနေ ၅ မိုင်အကွာမှာရှိတဲ့ စစ်ဆေးရုံနဲ့ ထောက်ပို့တပ်ရင်းတွေ ဘက်ကို စစ်အင်အားတွေ ပို့ဆောင်နေတယ်လို့လည်း KIA နီးစပ်တဲ့ သတင်းရင်းမြစ်တွေကနေ သိရပါတယ်။

ဗန်းမော်မြို့ကနေ  မိုးမောက်မြို့ဘက်ကို စစ်ကောင်စီဘက်က စစ်အင်အားတွေ ပို့ဆောင်နေသလို မြို့အဝင် ခ.လ.ရ(၄၃၇)တပ်စခန်းကနေ စစ်ကောင်စီတပ်သားတွေ ခုခံနေတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ကချင်တပ်ဖွဲ့နဲ့ နီးစပ်သူက သုံးသပ်ပါတယ်။

ဗန်းမော်ခရိုင်ထဲက မံစီမြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး  တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ ထိခိုက် သေဆုံးမှုရှိခဲ့ပါတယ်။

မေ ၇ ရက် မနက်ကလည်း  မိုးမောက်မြို့နယ်ထဲက  မြို့သစ်ရွာ တိုက်နယ်ဆေးရုံကို  စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက "မနက် ၇ နာရီလောက် လေယာဉ်နဲ့ ဗုံးကြဲတာ။ အစည်းအဝေးခန်းမဆောင်ကတော့ အတော် ပျက်စီးသွားတယ်။ ဗုံးစတွေက အနီးနား ပတ်ဝန်းကျင် အိမ်တွေကိုလည်း မှန်တယ်။ လူထိခိုက်တာတော့ မရှိဘူး" လို့ ပြောပါတယ်။

မိုးမောက်မြို့နယ်အတွင်းက မြို့သစ်ကျေးရွာ၊ စီဟတ်ကျေးရွာနဲ့ ကုန်းလောကျေးရွာရှိ စစ်ကောင်စီ တပ်စခန်း တာဝါတိုင်ကုန်းနဲ့  လုံဂျာဘွမ် ဆုတောင်းတောင် စခန်းတွေကို   မတ် ၂၆ ရက် ကတည်း က KIA က သိမ်းပိုက်ထားခဲ့ပြီး  မိုးမောက်ရဲစခန်းကိုလည်း သိမ်းပိုက်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013