ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယ ကျေးရွာအုပ်စု၊ မိုင်းယရွာမှာ မေ ၇ ရက် နေ့ခင်းပိုင်းက ကလေး ၅ ဦး စစ်ကျန် လက်နက်ကျည် ကောက်ကိုင်ရာက ပေါက်ကွဲသွားလို့ ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသမီးတဦးက “မိုင်းယရွာမှာ ကလေးတွေ စစ်ကျန် လက်နက်ကျည် ကောက်ကိုင်ဆော့လို့ ပေါက်ကွဲသွားတာတဲ့ မနေ့က။ ၃ ယောက်က ဆေးရုံမှာ။ ဒီ အရွယ်က မျက်စိနောက်အောင် ဆော့တဲ့ အရွယ်လေ။ တိုက်ပွဲဖြစ်ဖူးတဲ့ နေရာတွေမှာ စစ်ကျန် ပစ္စည်းတွေ ကောက်ကိုင်တာတွေ မလုပ်ဖို့ ကလေးတွေကို မိဘတွေအနေနဲ့ ကောင်းကောင်း နားလည်အောင် ပြောပြရမှာ ဖြစ်တယ်။ မထိ၊ မကိုင်ကြဖို့ အမြဲ သတိပေး ပြောနေရမှာ” လို့ ပြောပါတယ်။
ကွတ်ခိုင် ဒေသခံ အမျိုးသားတဦးကလည်း “ကြေမွသွားတာပဲ။ ကလေးတွေ သနားပါတယ်။ ၂ ယောက် ဆုံးသွားတယ်။ ၃ ယောက်က ထိခိုက်ဒဏ်ရာရထားတယ်။ ထိခိုက်ဒဏ်ရာရထားတဲ့ ကလေး ၃ ယောက်က မနေ့ည ၁၁ နာရီမှာ ကွတ်ခိုင်ဆေးရုံ ရောက်လာတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၁ ရက်ကလည်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာ၊ ရပ်ကွက် ၂ က အမျိုးသားတဦး စစ်ကျန် ဗုံးသီးတလုံး ကောက်ယူလာပြီး ဖြုတ်ကြည့်ရာ ပေါက်ကွဲလာလို့ ထိမှန် သေဆုံးသွားခဲ့ပါသေးတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ ပေါက်ကွဲနိုင်တဲ့ စစ်ကျန် လက်နက်ပစ္စည်းတွေ အများအပြား ရှိနေနိုင်တာကြောင့် မိုင်းအန္တရာယ် ကာကွယ်နိုင်ဖို့ မိုင်းအသိပညာပေးတာမျိုး များများလုပ်ပေးဖို့ အရေးကြီး လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo - ဒေသခံ တစ်ဦး