Home
မြန်မာသတင်း
ဆွမ်ပရာဘွမ်တိုက်ပွဲ၌ ရန်သူကို တဦးချင်း သတ်ပုတ်အနိုင်ယူခဲ့သည့် KPF ရဲဘော် ၁ ဦး ဂုဏ်ပြု ချီးမြှင့်ခံရ 
DVB
·
May 8, 2024
KPdf 852024

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ထဲက ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီစစ်ဖွဲ့ဝင် ၁ ဦးကို  တဦးချင်း နပန်းလုံးကာ သတ်ပုတ်အနိုင်ယူခဲ့တဲ့ KPF တပ်ဖွဲ့၀င်တဦး  ဂုဏ်ပြုငွေ ချီးမြင့်ခံရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် နောက်ဆုံးခုခံတဲ့ ၄၆ ဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲမှာ မေ ၄ ရက်ညပိုင်း တိုက်ပွဲပြင်းထန်ချိန်အတွင်း KPF တပ်ဖွဲ့ဝင် အသက် ၂၀ အရွယ် ရဲဘော် ဒီးဆားရ်ဟာ   တိုက်ခိုက်အနိုင်ယူခဲ့တာ ဖြစ်တယ်လို့ KPFရဲ့ ‌စစ်ဗိုလ်တဦးက ပြောပါတယ်။

"သူက RPG ကိုင်တော့ စခန်းထဲကို နောက်က လိုက်ဝင်တာ ရှေ့ကအဖွဲ့တွေက ရန်သူကို ရှေ့ဆက်ပြီးရှင်းတော့ မြေအောက်ကျင်းတွေကို သေချာမရှင်းလိုက်ဘူး။ သူလည်းအရောက် ရန်သူက ကတုတ်ကျင်းက‌နေ ထွက်လာတာ RPG က အနည်းကပ်ထုလို့ မရတော့ ဟိုကလည်း ကတုတ်ကျင်းထဲက ထွက်လာတော့ ပစ်လို့ အဆင်မပြေတဲ့အချိန်မှာ ချက်ချင်းသေနတ်လုပြီး သတ်ပုတ်အနိုင်ယူခဲ့တာပါ။”

ရန်သူကို ဆုံးဖြတ်ချက်ပြတ်သားစွာ တဦးချင်း အနီးကပ်သတ်ပုတ်အနိုင်ယူခဲ့သူ ဒီးဆားရ်ကို စံပြ စစ်သားအဖြစ် သတ်မှပြီး ဂုဏ်ပြုငွေ ၁၀ သိန်းကျပ်တိတိ ချီးမြှင့်ခဲ့တယ်လို့ ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ မေ ၇ ရက်က ကြေညာထားပါတယ်။

ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲကို KIA ၊KPFနဲ့ KPDFပူး ပေါင်းတပ်တို့က ‌မတ်လမှ စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး မေ ၅ ရက်မှာတော့ ဆွမ်ပရာဘွမ်မြို့ကို အလုံးစုံ ထိန်းချုပ် နိုင်ခဲ့ပါတယ်။

ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲမှာ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် တဦး ကျဆုံးခဲ့ပြီး စစ်တပ်က ၁၀ ဦးကျော် သေဆုံးခဲ့ကာ လက်နက်အကြီး၊ အသေး ၆၀ ကျော် သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

ခါကာဘိုပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ကို ၂၀၁၈ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး KIA ထိပ်ပိုင်း ခေါင်းဆောင်များနဲ့ KPF ခေါင်းဆောင်များက ခါကာဘိုဒေသ ပူတာအိုခရိုင်အတွက် အထူးသီးသန့် ဖွဲ့စည်းခဲ့တဲ့တပ်ဖွဲ့ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013