မကွေးတိုင်း ရေနံချောင်းမြို့နယ် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးသန်းဌေးအပါအဝင် စစ်သားနဲ့ ပျူစောထီးအင်အား ၃၀ ၀န်းကျင် လိုက်ပါလာတဲ့စစ်ကြောင်းကို မေ ၄ ရက် မနက် ၄ နာရီ ၀န်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးသန်းဌေး အပြင်းအထန်ဒဏ်ရာရရှိသွားပြီး စစ်သားနဲ့ ပျူစောထီး ၅ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
ရေနံချောင်း ပကဖ တာ၀န်ခံတဦးက “ပထမ ၁ လုံးက ဆင်ကော်ရိုးလမ်းဆုံမှာ ၁ ကြိမ်၊ ဒုတိယ ၂ လုံးက အုပ်ရှစ်ကုန်းကျေးရွာအထွက်မှာခွဲလိုက်တာပါ။ ဗိုလ်မှူးသန်းဌေးက အပြင်းအထန် ဒဏ်ရာ ရသွားတယ်။ စစ်သားနဲ့ ပျူစောထီး ၅ ယောက်ကတော့ အဲဒီနေရာမှာတင်သေတယ်” လို့ ပြောပါတယ်။
မိုင်းခွဲတိုက်ခိုက်ခံရလို့ ဗိုလ်မှူးသန်းဌေးအပါအ၀င် အပြင်းအထန်ဒဏ်ရာရသူတွေနဲ့ သေဆုံးသွားတဲ့ သူတွေကို မကွေးမြို့က ကုတင် ၁၀၀ စစ်ဆေးရုံကို သယ်သွားကြတယ်လို့ သိရပါတယ်။
“ဗိုလ်မှူးသန်းဌေး ပါတဲ့ယာဥ်တန်းတိုက်ခိုက်ခံရတာ အပြင်းအထန်ဒဏ်ရာရလို့ ကုတင် ၁၀၀ စစ်ဆေးရုံမှာ အတွင်းလူနာအနေနဲ့တင်ထားရတဲ့သတင်း လျှို့၀ှက်ထားတယ်လို့ကြားတယ်” လို့ ရေနံချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ အထိအခိုက်မရှိဘူးလို့လည်း သိရပါတယ်။
“ဗိုလ်မှူးသန်းဌေး ပြင်းထန်စွာဒဏ်ရာရသွားတယ်။ တခြားဒဏ်ရာရတဲ့ကောင်တွေလည်း ရှိသေးတယ်။ စစ်သား ၃ ကောင်၊ ပျူစောထီး ခင်မောင်မြင့် နဲ့ အောင်တင် တို့ ၂ ကောင်၊ အားလုံး ၅ ကောင်ကတော့ နေရာမှာတင် လစ်သွားတယ်။ သူတို့ကို မကွေးပို့ပြီး ကျန်နေခဲ့တဲ့ကောင်တွေက မုန်းကန်ရွာမှာ ၂ ည၊ အုပ်ရှစ်ကုန်းရွာမှာ ၂ ည အိပ်ပြီး ရေနံချောင်းကို ပြန်ဆုတ်သွားတယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တဦးက ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ရေနံချောင်း(ပကဖ)၊ မကွေးခရိုင်တပ်ရင်း ၂၊ Yenanthar Youth Force (YYF)၊ ညောင်ဦးခရိုင်တပ်ရင်း ၄ နဲ့ မကွေးခရိုင်တိုက်ခိုက်ရေးအဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာ လို့ သိရပါတယ်။
Photo .... ရေနံချောင်း - ပကဖ