Home
နိုင်ငံတကာ
ထိုင်းဝန်ကြီးချုပ်ယင်လတ် လက်ထက် ပြဿနာဖြစ်ခဲ့သော ဆန်တန်ချိန် ၁၅၀၀၀ ကျော် လေလံတင်မည် 
DVB
·
May 8, 2024
โชว์กินข้าวจำนำ 10_08052024

 

ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၀ နှစ်က ထိုင်းအမျိုးသမီးဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ်လက်ထက်မှာ ပြဿနာဖြစ်ပြီး သိမ်းဆည်းထားခဲ့တဲ့ ဆန်တန်ချိန်ပေါင်း ၁၅,၀၀၀ ကျော်ကို လေလံတင် ရောင်းချမယ်လို့ ထိုင်းဒုဝန်ကြီးချုပ် နဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး နိုင်းဖုမ်းထမ်း ဝေ့ချ် ယချိုင်းက ပြောပါတယ်။ 

ဒုဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ မေ ၆ ရက်က ထိုင်းအရှေ့မြောက်ပိုင်း ဆူရင်းခရိုင် ဆူရင်းမြို့က ဆန်ဂိုဒေါင် ၂ လုံးကိုသွားရောက်စစ်ဆေးပြီး ခုလိုပြောဆိုလိုက်တာပါ။ 

ကစ်သီချုင်းဂိုဒေါင်မှာ  ဆန်အိတ် ၁၁၂,၇၁၁ အိတ်၊ ဖွန့်ဖုန်းဂိုဒေါင်ထဲမှာ ၃၂,၈၇၉ အိတ်နဲ့ ဂိုဒေါင် နှစ်ခုပေါင်းမှာ ဆန်အိတ်ပေါင်း ၁,၅၀၀,၀၀၀ နီးပါး။ တန်ချိန် ၁၅၀၀၀ ကျော်ရှိတယ်။ အဲဒီဆန်တွေကို ၁ ကီလို ၁၈ ဘတ်နှုန်းနဲ့ လေလံတင်ရောင်းမယ်။ တိုင်းပြည်အတွက် ဝင်ငွေ ဘတ် သန်းပေါင်း ၂၀၀ မှ ၄၀၀ ထိရမယ်လို့ မျှော်လင့်တယ်၊ အထူးသဖြင့် အာဖရိကတိုက်ကို တင်ပို့မယ်လို့  ဆိုပါတယ်။ 

အဲဒီဆန်တွေဟာ စားသုံးလို့ရတဲ့ အရည်အသွေးရှိကြောင်း ဒုဝန်ကြီးချုပ်က သတင်း ထောက်တွေရှေ့မှာ ချက်ပြုတ်စားသုံးပြသခဲ့ပါတယ်။ 

၁၀ နှစ်တာကာလအတွင်း ဆန်တွေပိုးမတက်အောင်၊ မပျက်စီးအောင် တနှစ်ကို သန့်စင်ဆေး ၆ ကြိမ်နဲ့ အကြိမ်ပေါင်း ၆၀ ကျော် ဖျန်းခဲ့တယ်၊  စမ်းသပ်တဲ့နေ့မှာ ဆန်ကို အကြိမ်ပေါင်း ၁၅ ကြိမ် ရေဆေးခဲ့တယ်၊ ဆန်အနည်းငယ်ဝါပြီး မွှေးရနံ့ပြယ်သွားတာကလွဲလို့ စားသုံးလို့ရပါတယ်လို့  ဒုဝန်ကြီးချုပ်က ပြောပါတယ်။ 

ဒါပေမဲ့ ပထုန်ဌာနီနယ်မြေ MFP ပါတီလွှတ်တော်အမတ်ကတော့ ဒုဝန်ကြီးချုပ်အနေနဲ့ ဆန်ရဲ့အရည်အသွေးကို လျှာနဲ့မြည်းပြီး စိတ်ခံစားချက်နဲ့ ကောင်းမွန်ကြောင်း သက်သေပြတာထက်  ဓာတ်ခွဲခန်းကိုပို့ပြီး သိပ္ပံနည်းကျစစ်ဆေးကာ အာမခံနဲ့ ရောင်းသင့်တယ်။ ဒီတိုင်းဆို  နိုင်ငံခြား စားသုံးသူတွေ ပြဿနာတက်ပါက ထိုင်းနိုင်ငံရဲ့ ဆန်တင်ပို့ရောင်းချမှုပုံရိပ်ကို ထိခိုက်စေနိုင်တယ် လို့ ပြောပါတယ်။ 

ထိုင်းဘိုင်အိုဇီဝဖောင်ဒေးရှင်း တာဝန်ရှိသူတဦးကလည်း နှစ်ပေါင်းရှည်ကြာ သိမ်းထားတဲ့ ဆန်ဟာ အစေ့မကွဲပေမယ့်လည်း ဗီတာမင်မပြည့်ဝတာ၊ ဂျူရင်ဆီ လျော့နည်းတာတွေ ရှိနိုင်တယ်။  ဝယ်ယူရောင်းချသူတွေအနေနဲ့ ဆန်ကောင်းနဲ့ ရောနှောပြီး မရောင်းသင့်၊ ဒီနှစ်ချို့ ဆန်တွေ ဒီအတိုင်း ချက်စားတာထက် လူသုံးကုန်ပစ္စည်း ထုတ်လုပ်တာ၊ အရက်ချက်တာ၊ တိရစ္ဆာန် အစားအစာ ပြုလုပ်တာတွေမှာ သုံးသင့်တယ်လို့ ဝေဖန်ထောက်ပြပါတယ်။ 

လူမှုကွန်ရက်မှာလည်း ဒုဝန်ကြီးချုပ် ထမင်းထက် ဟင်းတွေပိုပြီးစားနေတာက နှစ်ချို့ဆန်ဟာ ရောင်းသူအတွက် အမြတ်ထွက်ပြီး စားသုံးသူအတွက် အခက်ပိုစေတယ်လို့ ပြောဆိုနေကြပါတယ်။ 

လွန်ခဲ့တဲ့ ၁၀ နှစ် ထိုင်းအမျိုးသမီးဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်လက်ထက်မှာ တောင်သူ လယ်သမားတွေကို အမတော်ကြေးငွေတွေ ထုတ်ပေးပြီး ဆန်စပါးပြန်သွင်းစေတယ်၊ ဒါပေမဲ့ ရောင်းဈေးကျတဲ့အတွက် တိုင်းပြည်ဘဏ္ဍာငွေ အရှုံးပေါ်စေခဲ့ပါတယ်။ ဒါ့အပြင် အစိုးရ အဝယ်ဒိုင်တွေမှာ မသမာမှုတွေရှိခဲ့တဲ့အတွက် ဝန်ကြီးချုပ်ဟာ တာဝန်ဝတ္တရား လျစ်လျူရှုမှုနဲ့ တရားစွဲခံခဲ့ရပါတယ်။ ဆန်စပါးပြဿနာမှာ တရားရုံးက သူမကို ထောင်ဒဏ် ၅ နှစ် အပြစ်ပေးခဲ့ပေမဲ့ နိုင်ငံခြားကို တိမ်းရှောင်သွားပြီး ဝရမ်းပြေးဘဝ ရောက်နေပါတယ်။ 

ယင်လတ်ရှင်နာဝပ်ဟာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ ညီမအရင်းဖြစ်ပြီး လက်ရှိ ဖွေ့ထိုင်းပါတီ အာဏာပြန်ရတော့ ဝရမ်းပြေး သက်ဆင် ပြည်တော်ပြန်ရသလို  ယင်လတ် ပြန်လာရအောင် ကြိုးပမ်းနေတယ်လို့လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

Source : Thairath

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013