Home
မြန်မာသတင်း
ကော့ကရိတ်အနီး ဒေါနတောင်ခြေတိုက်ပွဲများ၌ စစ်ကောင်စီတပ် အကျအဆုံးများပြီး အင်အားဖြည့်နေ
DVB
·
May 8, 2024
SAC Car_08052024

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး ဒေါနတောင်ခြေမှာ နေ့တိုင်းလိုလို တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က ကျဆုံးမှုတွေရှိနေကာ  အင်အားတွေဖြည့်တင်းနေတယ်လို့ ကျားဖြူစစ်ကြောင်း ဒုစစ်ကြောင်းမှူးက DVB ကို  ပြောပါတယ်။ 

ဧပြီ ၁၂ ရက်က စတင်ကာ စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ကို နိုင်ငံအဆင့် အောင်ဇေယျစစ် ဆင်ရေးအမည်နဲ့ အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် နေ့တိုင်းလိုလို KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးသူတွေ ရှိနေပါတယ်။

ကျားဖြူစစ်ကြောင်း  ဒုစစ်ကြောင်းမှူး ဗိုလ်ကျော်ဟိန်းက “ရန်သူဘက်ကတော့ နေစဉ်နဲ့အမျှ အကျအဆုံးကတော့ရှိတယ်။ ဘာဖြစ်လို့လဲဆို သူတို့က နယ်မြေမကျွမ်းကျင်းတာ တပိုင်းရယ်။ ကျနော်တို့ ဒီနယ်မြေကို ပလိန်းကြီးဝင်တယ်ဆိုတဲ့ အနေအထားက သူတို့အနေနဲ့ မှားသွားမှာပေါ့။  ပြန်လမ်းမရှိတဲ့ အိပ်မက်လိုပဲ”လို့ ပြောပါတယ်။

မေ ၇ ရက်အထိ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က  ၃၀၀ နီးပါးသေဆုံးပြီး ၆၀၀ လောက် ဒဏ်ရာရရှိခဲ့သလို KNLA မဟာမိတ်ပူးပေါင်းစစ်ကြောင်းဘက်က  ၂၀ ကျော် ကျဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ကျားဖြူစစ်ကြောင်း ဒုစစ်ကြောင်းမှူးက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

လက်ရှိမှာလည်း စစ်ကောင်စီက မြဝတီမြို့ကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေပြီး အင်အားတွေ နေ့တိုင်းလိုလို ဖြည့်တင်းနေတယ်လို့ ကျားဖြူစစ်ကြောင်း ဒုစစ်ကြောင်းမှူး ဗိုလ်ကျော်ဟိန်းက ပြောပါတယ်။

“သူတို့က နေ့စဉ်နဲ့အမျှ အင်အားတွေ တိုးနေတယ်။ ၁၀၀ တက်ရင် ၁၀၀ ကုန်မှာပဲ။ သူတို့ရဲ့ စစ်ဆင်ရေးက နိုင်ငံတော်အဆင့်ဆိုတော့လည်း အမြဲတမ်းအင်အားကို အလုံးအရင်းနဲ့ ဖြည့်နေတယ်။”

ကော့ကရိတ်မြို့တွင်းကို စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီးနောက် ဧပြီ ၂၇ ရက်ကစတင်ပြီး စစ်ရှောင်ပြည်သူတွေကို မြို့တွင်းမှာ ပြန်လည်နေထိုင်ဖို့ ခေါ်ယူခဲ့ပါတယ်။ စစ်ကောင်စီက စစ်ရှောင်ပြည်သူတွေကို ပြန်လာနေထိုင်ဖို့ ဖိအားပေးနေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

စစ်ရှောင်ပြည်သူတဦးက “ကျမတို့ကို ပြန်နေဖို့ ဖိအားပေးနေတယ်။ ကလေးတွေကိုလည်း ကော့ကရိတ်မှာပဲ ကျောင်းပြန်တက်ရမယ် ပြောတယ်။ အိမ်မရှိတဲ့သူတွေကို ဘုန်းကြီးကျောင်းမှာ နေခိုင်းတယ်။ ဘယ်လို ပြန်နေရဲမလဲ။ နေ့တိုင်း ပစ်ခတ်သံတွေ ကြားနေရတာ။ ပြန်နေတဲ့သူတွေတောင်  စိုးရိမ်ကြောက်လန့်နေရတယ်”လို့ ပြောပါတယ်။

ကော့ကရိတ်မြို့တွင်းမှာ ပြန်လည်ဝင်ရောက်နေထိုင်တဲ့ စစ်ရှောင်ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်မယ်ဆိုတာ လုံးဝမဖြစ်နိုင်တာကြောင့် စစ်ကောင်စီရဲ့ ပြောဆိုမှုတွေကို အကြွင်းမဲ့မယုံကြည်ဖို့နဲ့ လုံခြုံမှုရှိတဲ့နေရာမှာ နေထိုင်ဖို့  KNLA ပူးပေါင်းတပ်တွေက သတိပေးတိုက်တွန်းထားပါတယ်။

ဒီဇင်ဘာ ၁ ရက်ကစတင်ပြီး တိုက်ပွဲတွေ၊ စစ်ကောင်စီရဲ့ မြေပြင်လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းနဲ့ မီးလောင်ဗုံးကြဲချ တိုက်ခိုက်တာတွေကြောင့် ဒေသခံပြည်သူ ၂၀ ကျော် ထိမှန်သေဆုံးခဲ့ပြီး စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ် ၅၀၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ရတဲ့အပြင် နေအိမ် ၁၀၀ ကျော် ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013