Home
မြန်မာသတင်း
ပေါက်ခေါင်းတွင် စစ်သင်တန်းဆင်း ပျူစောထီး ၁ ဦး ပစ်သတ်ခံရ
DVB
·
November 19, 2024

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့မှာ  စစ်သင်တန်းဆင်း ပျူစောထီး တယောက်ကို သူ့ရဲ့နေအိမ်မှာ သွားရောက်ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PDF တပ်ရင်းက အောက်တိုဘာ ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၇ ရက် ညနေ ၃ နာရီလောက်က ညောင်ဝန်းအုပ်စု၊ ပေါ်လံကြီးကျေးရွာက ပျူစောထီး အပတ်စဉ် ၁ သင်တန်းဆင်း အောင်ဌေးဟာ စစ်မှုထမ်းဖို့ သူစည်းရုံးထားတဲ့ လူငယ်တွေကို လာရောက်ခေါ်ဆောင်ချိန်မှာ တော်လှန်ရေးရဲဘော်တွေက သွားရောက်ပစ်ခတ် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ၃၆၀၁ PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံက ပြောပါတယ်။

“ရဲဘော်တွေကိုမြင်တော့ ထွက်ပြေးတဲ့အချိန် ခြံထဲမှာပဲ ပစ်ခတ်လိုက်တာပါ။ သူ့ကြောင့် အဖမ်းခံရတဲ့ ပြည်သူတွေလည်း ရှိပါတယ်။ အလောင်းကိုတော့ ညဘက် မြို့ပေါ်က နာရေးကားနဲ့ လာကောက်သွားတယ်။”

ပျူစောထီး အောင်ဌေးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး စစ်တပ် စစ်ဆေးရေးဂိတ်တွေမှာ ပြည်သူတွေကို ဆဲဆို ရမ်းကားစစ်ဆေးခြင်း၊ စစ်တပ်အတွက် စစ်မှုထမ်းဖို့ လူစုပေးခြင်းနဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ သတင်းတွေကို ထောက်လှမ်းပြီး စစ်တပ်ကို သတင်းပေးတာတွေ လုပ်ဆောင်နေတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၃၆၀၁ PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံက “ညောင်ဝန်းမှာက စစ်ဆေးရေးဂိတ်ရှိတယ်၊ အဲဒီက စစ်သားတွေတော့ ရွာကိုလာပြီး စစ်ဆေးရေးလုပ်တယ်လို့ ကြားတယ်။ ကျနော်တို့က အပြစ်ရှိတဲ့သူတွေကိုပဲ အရေးယူတာပါ။ အပြစ်မရှိတဲ့သူတွေကိုတော့ လက်ဖျားနဲ့တောင် မထိပါဘူး။ ရဲဘော်တွေလည်း လွတ်ကင်းရာကို ပြန်ရောက်ပါပြီ” လို့ ဆက်ပြောပါတယ်။

အခု ပစ်ခတ်ရှင်းလင်းမှုကို တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၄ မှ ရဲဘော်တွေနဲ့ တပ်ရင်း ၃၆၀၂ တပ်ခွဲ-၃ က ရဲဘော်တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

ပေါက်ခေါင်းမြို့မှာ နိုဝင်ဘာ ၁၉ ရက်အထိ တော်လှန်ရေးရဲဘော်တွေရဲ့ ပစ်ခတ်ရှင်းလင်းခံရတဲ့ အုပ်ချုပ်ရေးမှူး၊ ပျူစောထီးနဲ့ စစ်တပ်သတင်းပေး ၃ ယောက်အထိ ရှိလာပြီလို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲ၊ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေကို အခါအခွင့်သင့်ရင် သင့်သလို‌ တော်လှန်ရေးရဲဘော်တွေက ပြတ်သားစွာ အရေးယူဆောင်ရွက်နေတာကြောင့် ပြည်သူတွေအနေနဲ့ သတင်းပေးတာ၊ လမ်းပြလိုက်တာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အတူတကွနေထိုင်တာတွေ မလုပ်ကြဖို့နဲ့ သူတို့ရှိတဲ့ နေရာတွေကို ရှောင်တိမ်းသွားလာကြဖို့လည်း ပြည်သူတွေကို သတိပေး ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013