Home
မြန်မာသတင်း
ပျူစောထီးများ ပိုအားကောင်းလာဟု အစီရင်ခံစာ ၁ ခုတွင် ဖော်ပြ
DVB
·
November 9, 2024

စစ်တပ်ဟာ မြို့ပြတွေကိုထိန်းနိုင်ရေးအတွက် အမျိုးသားရေးဝါဒီ ပျူစောထီးအပြင် အလားတူအဖွဲ့တွေနဲ့ ပူးပေါင်းကြိုးစားနေပြီး ပျူစောထီးတွေဟာ ပိုပြီးအားကောင်းလာတယ်လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာစောင့်ကြည့်နေတဲ့ Burma Human Rights Network (BHRN) ရဲ့ အစီရင်ခံမှာ ဖော်ပြထားပါတယ်။

‘ပျူစောထီးနှင့် စစ်ကောင်စီလက်ကိုင်တုတ်များ’ ဆိုတဲ့ အစီရင်ခံစာကို နိုဝင်ဘာ ၈ ရက်နေ့က စတင်ဖြန့်ချိခဲ့ပြီး စစ်တပ်ဟာ နိုင်ငံရေးအာဏာအတွက် လူမျိုးရေး၊ ဘာသာရေးကို ခေတ်အဆက်ဆက်မှာအသုံးချခဲ့သလို ဒီနေ့အထိအသုံးချနေဆဲဖြစ်ပြီး စစ်တပ်ကိုဆန့်ကျင်တဲ့ အစုအဖွဲ့တွေကို စစ်တပ်တခုတည်းကတန်ပြန်ဆောင်ရွက်တာမျိုးမဟုတ်ဘဲ ပြည်သူ့စစ်တေွ၊ ပျူစောထီးတွေနဲ့ သွေးသောက်အဖွဲ့တွေကိုဖွဲ့စည်းပြီး စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်စေတဲ့အပြင် အဲဒီအင်အားစုတွေဟာလည်း အမျိုးသားရေးဝါဒကို တွင်တွင်ကျယ်ကျယ် လက်ခံယုံကြည်နေသူတွေနဲ့ တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။

အစီရင်ခံစာကိုပြုစုရာမှာ တာဝန်ရှိသူတယောက်ဖြစ်တဲ့ ကိုဝေဦးက “ဒီ ၃ နှစ်အတွင်းမှာ ပျူစောထီးတွေကပိုအားကောင်းလာတယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ ပြည်သူ့စစ်တွေ အကြောင်းလည်း ဒီထဲမှာပါတယ်။ စစ်တပ်က အခြေခံစစ်သင်တန်း၊ ပြည်သူ့စစ်သင်တန်းတွေ ပိုပြီး လုပ်လာတယ်။ ပိုအားကောင်းလာတယ် ပိုများလာတယ်လို့ ပြောလို့ရတယ်။ စစ်တပ်ကို လက်နက်ကိုင်ပြီးတော်လှန်နေတဲ့ အဖွဲ့အစည်းတွေက ပြည်သူ့စစ်ကိုရော၊ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ အဖွဲ့တွေကိုရော၊ စစ်တပ်ကိုရော၊ နည်းမျိုးစုံနဲ့ အဖွဲ့စုံကို ရင်ဆိုင်နေရတာဖြစ်တယ်” လို့ ပြောပါတယ်။

အခုနွေဦးတော်လှန်ရေးမှာလည်း စစ်တပ်ကိုဆန့်ကျင်တဲ့ တော်လှန်ရေးအင်အားစုတွေကို တန်ပြန် ဝါဒဖြန့်ရာမှာ အမျိုးသားရေးဝါဒအတွေးအခေါ်တွေကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုပြီး တော်လှန်ရေး အင်အားစုတွေကိုရှင်းလင်းဖို့အတွက်လည်း နယ်မြေကျွမ်းကျင်တဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ၊ ပျူစောထီးအဖွဲ့ဝင်တွေကို အရံအင်အားအဖြစ်အသုံးချပြီး ရှင်းလင်းကြတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကိုဝေဦးက “ခေတ်အဆက်ဆက်မှာ အာဏာသိမ်းခဲ့တာရှိတယ်။ တကြိမ်တည်းမဟုတ်ဘူး။ အာဏာသိမ်းပြီးတဲ့အခါပဲဖြစ်ဖြစ်၊ စစ်တပ် ကြီးစိုးတဲ့အချိန်မျိုးမှာပဲဖြစ်ဖြစ်၊ Non-State Actor (နိုင်ငံကိုယ်စားပြုမဟုတ်သူ)တွေကို စစ်တပ်က ထုတ်သုံးတာပေါ့နော်။ စစ်တပ်က၊ အုပ်ချုပ်သူက၊ state က ကိုယ်တိုင်ကျူးလွန်တာ မဟုတ်ဘဲနဲ့ စစ်တပ်က မွေးထုတ်ပေးတဲ့ အဖွဲ့အစည်းတွေက ကျူးလွန်တာပေါ့။ ဥပမာ ဘာသာရေး ပဋိပက္ခတွေ၊ နောက် စစ်တပ်ကိုဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေကိုဆိုရင် အမြဲတမ်း ခြောက်လှန့်နေတဲ့ အဖွဲ့တွေရှိတယ်။ အရင်တုန်းကဆိုရင် ပြည်ခိုင်ဖြိုးအဖွဲ့တွေရှိတယ်။ နောက် ပျူစောထီးအဖွဲ့တွေရှိတယ်။ ဆိုတော့ ဒီ ပျူစောထီးအဖွဲ့တွေက ဘယ်အချိန်ကတည်းကနေ စဖြစ်လာတယ်၊ စစ်တပ်က ဘယ်လို ပျိုးထောင်ထားတယ်၊ ဘယ်လို ထုတ်သုံးတယ်၊ နောက်တခုက စစ်တပ်ကျောထောက်နောက်ခံ ရှိနေတဲ့ ပျူစောထီးတွေက စစ်တပ်ကြီးစိုးနေတဲ့အချိန်မှာ လူ့အခွင့်အရေးတွေ ချိုးဖောက်မှုတွေ ဘယ်လောက် ကျူးလွန်နေတယ်။ စစ်တပ်နဲ့ ပျူစောထီးတွေက ခွဲလို့မရဘူးဆိုတာကို ချိတ်ဆက်ပြတာ၊ သိစေချင်တာ” လို့ ပြောပါတယ်။

မြို့ကြီးတွေမှာ တော်လှန်ရေးထောက်ပံ့သူလို့ ယူဆသူတွေကို သွေးသောက်အဖွဲ့က လိုက်လံ သတ်ဖြတ်ပြီး ပြည်သူတွေကို ကြောက်စိတ်သွင်းခြိမ်းခြောက်သလို စစ်တပ်ကိုဆန့်ကျင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ စစ်မျက်နှာပြင်ဖွင့်ထားရချိန် ကျန်ရှိနေတဲ့မြို့ပြတွေကို ဆက်လက်ထိန်းနိုင်ရေးနဲ့ ပြန့်ကျဲနေတဲ့ တော်လှန်ရေးအင်အားစုတွေကို နှိမ်နှင်းနိုင်ဖို့ ပျူစောထီးတွေ၊ သွေးသောက်အဖွဲ့တွေနဲ့ ပြည်သူ့စစ်တွေကို စစ်တပ်နဲ့ ပူးပေါင်းပြီး မြို့ပြတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာဟာ ၂၀၂၁ ခုနှစ် မတ်လကစပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ သတင်းမီဒီယာတွေကို စောင့်ကြည့်လေ့လာချက်တွေအပြင် ပျူစောထီးတွေအဓိကလှုပ်ရှားနေတဲ့ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်နဲ့ တနင်္သာရီတိုင်းတို့က ဒေသခံတွေကိုလည်း မေးမြန်းမှတ်တမ်းတင်လေ့လာထားတာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ကြံ့ခိုင်ရေးပါတီ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲရှုံးပြီးနောက် ကြံ့ခိုင်ရေးပါတီက လူငယ်တွေနဲ့ အမျိုးသားရေး အစွန်းရောက်သူတွေဟာ သူတို့နေအိမ်တွေကနေ ပျောက်သွားတယ်လို့ သာယာဝတီဒေသခံတယောက်က ပြောဆိုကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“သူတို့က လူမှုကွန်ရက်မှာ ပျူစောထီးပရိုဖိုင်းတွေ ချိန်းသွားတယ်။ သူတို့ ပြောဆိုပုံတွေက သူတို့ ပြန်လာမယ်ပေါ့။ ဒီ သာယာဝတီကလူတွေလာပဲ ဆိုပြီး လေ့လာကြည့်တော့ တခြား အနယ်နယ် အရပ်ရပ်ကလူတွေလည်း အဲဒီလို ပရိုဖိုင်း ပြောင်းသွားတာ တွေ့ရတယ်။ ဘာတွေ လုပ်ကြတာလဲ ဆိုပြီး သံသယဝင်ခဲ့တယ်။ ဒါတွေက အာဏာမသိမ်းခင်က ဖြစ်ခဲ့တာ”

ပျူစောထီးတွေဟာ NLD ပါတီဝင်တွေနဲ့ တော်လှန်ရေးလုပ်နေသူတွေကို ခြိမ်းခြောက်ခဲ့သလို သူတို့ ကြီးစိုးတဲ့ ဒေသတွေမှာလည်း သူတို့နဲ့ ခံယူချက်မတူသူတွေ၊ တော်လှန်ရေးသမားတွေအပေါ် ရက်ရက်စက်စက် သတ်ဖြတ်တာတွေလည်း ကျူးလွန်ခဲ့ပါတယ်။

အစီရင်ခံစာထဲမှာ ပျူစောထီးတွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတချို့ကို ဖော်ပြထားပြီး ဒီထဲမှာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာက ပျူစောထီးတွေဟာ တော်လှန်ရေးရဲဘော် ၂ ယောက်ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တာလည်း ပါဝင်ပါတယ်။

ဒါ့အပြင် ပြည်သူတွေရဲ့ ရွာတွေ၊ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလည်းလုပ်နေပြီး စစ်တပ်နဲ့အတူလည်း စစ်ကြောင်းတွေမှာ ပါဝင်လေ့ရှိပါတယ်။

တချို့ ပျူစောထီးအဖွဲ့နဲ့ ပြည်သူ့စစ်အဖွဲ့တွေကိုတော့ ဘုန်းကြီးတချို့က ဦးဆောင်ပြီး ရန်ပုံငွေရှာဖွေပေးသလို တခြားရပ်ရွာတွေမှာ ပျူစောထီးအဖွဲ့တွေ ဖွဲ့နိုင်ဖို့လည်း စည်းရုံးလေ့ရှိတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ပျူစောထီးအဖွဲ့နဲ့ အလားတူ အကြမ်းဖက်မှုတွေကျူးလွန်ဖို့ စစ်တပ်က ဖွဲ့စည်းထားတဲ့ နဂရပါလအဖွဲ့၊ မျိုးချစ်မဟာမိတ်အဖွဲ့၊ စွန်ရဲအဖွဲ့နဲ့ သွေးသောက်အဖွဲ့တို့ရှိပြီး ဒီထဲမှာ သွေးသောက်အဖွဲ့ကတော့ ထင်ထင်ရှားရှားလူသတ်နေတဲ့အဖွဲ့တခုဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာမသိမ်းခင်ကပဲရှိနေခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့တွေလည်းရှိပြီး စစ်တပ်က လက်နက်တပ်ဆင်ပေးထားတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်ပေါင်း ၈ သောင်းကျော်ရှိတယ်လို့ ဝါရှင်တန် တက္ကသိုလ်က သုတေသနစာတမ်းတခုမှာ တွေ့ရကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024