စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲမှာ အောက်တိုဘာ ၂၂ ရက် မနက် ၇ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင် တယောက်နဲ့ ပျူစောထီးတယောက် စောင့်ကြိုတိုက်ခိုက်ခံရလို့ သေဆုံးသွားပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုပကဖ အဖွဲ့ကနေ သိရပါတယ်။
ရွှေဘိုမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံတယောက်က “စစ်သား ၁ ယောက်နဲ့ ပျူစောထီး ၁ ယောက် ဆိုင်ကယ်ကို ၂ ယောက်စီးပြီး ပြန်လာတာကို ကြိုပြီးသတင်းရလို့ စောင့်ပစ်ခဲ့တာပါ။ ၂ ယောက်စလုံးသေတယ်။ သူတို့ဆီက လက်နက်ခဲယမ်းတွေလည်း ရလိုက်ပါတယ်” လို့ ပြောပါတယ်။
ရွှေဘိုမြို့နယ်ထဲက တည်သီးတောကျေးရွာမှာ အထိုင်ချ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သား တယောက်နဲ့ ပျူစောထီးတယောက်တို့ဟာ သူတို့တပ်စွဲနေတဲ့ ကျေးရွာနဲ့ ၁ မိုင်နီးပါးဝေးတဲ့ ညောင်ကိုင်းကျေးရွာကနေ ရိက္ခာနဲ့ ဆက်ကြေးခွဲပြီး ပြန်လာစဥ် လမ်းကနေ စောင့်ကြိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ ၂ ယောက်ဆီကနေ MA 1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ၅.၅၆ မမ ကျည် ၅၀ နီးပါး၊ အီနာဂါဗုံးသီး ၄ လုံးနဲ့ ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ရွှေဘိုမြို့နယ် ပကဖ တာဝန်ခံတယောက်က “တည်သီးတောရွာကော ညောင်ကိုင်းရွာကောက ပျူစောထီးရွာတွေပါ။ သူတို့က ရိက္ခာတို့ ငွေကြေးတို့ ပြတ်ရင် အဲလိုပဲ တရွာနဲ့တရွာကူးပြီး မျှနေကြ။ ချောင်းနေတာတော့ ကြာပါပြီ။ အခုမှ သူတို့ပျူတွေကပဲ သတင်းပေးလို့ စောင့်ပြီးပစ်ခဲ့တာပါ။ ကျနော်တို့အဖွဲ့တွေ ငြိမ်နေတာမဟုတ်ပါဘူး။ စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်ကလည်း မြင်းချင်း ပျူစောထီးကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းတွေသုံးပြီး ၆၀ မမ ဗုံးသီးတွေ ကြဲချခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ သေဆုံးထိခိုက်မှု ရှိခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုတွေကို ရွှေဘိုမြို့နယ် ပကဖ၊ တိုက်နယ် ၃ ပကဖ၊ ကြီးလေးကြီး ပကဖ၊ ဓားညီနောင် ပကဖ၊ တိုက်နယ် ၂ ပကဖ (ဗိုလ်ကျားရိုင်းအဖွဲ့) နဲ့ တိုက်နယ် ၅ ပကဖ (ငါးမည်ရအဖွဲ့) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။