Home
မြန်မာသတင်း
အမ်းတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ
DVB
·
October 22, 2024

တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) က လက်နက်ကြီးပစ်ခတ်မှုကြောင့် အောက်တိုဘာ ၂၁ ရက်က အရပ်သား ၃ ယောက် သေဆုံးပြီး နောက်ထပ် ၅ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမ်းမြို့နယ်၊ လောင်းစပ်ကျေးရွာကို စစ်ကောင်စီရဲ့ နပခဌာနချုပ်က အောက်တိုဘာ ၂၁ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ကျေးရွာအတွင်းမှာ ကျရောက်ပေါက်ကွဲပြီးတော့ အရပ်သားတွေ သေဆုံးဒဏ်ရာရခဲ့တာလို့ အမ်းမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“အခု လက်နက်ကြီး ပစ်ခတ်ခံရတဲ့ လောင်းစပ်ကျေးရွာက အမ်းနဲ့ တပ်တောင်ကြားမှာ ရှိတာ။ အဲဒီကျေးရွာကို နပခ ဌာနချုပ်ကနေပြီးတော့ လက်နက်ကြီးနဲ့ လှမ်းပစ်တာလို့ သိရတယ်။ ကျေးရွာသား ၃ ဦးကတော့ နေရာမှာတင် သေသွားတယ်။ နောက်ထပ် ကလေးတွေနဲ့ အမျိုးသမီးတွေ အပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြတယ်။ ဒဏ်ရာပြင်းထန်တဲ့လူတွေ ပါပြီးတော့ ဆေးကုသမှု ခံယူနေကြရတယ်။”

စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးသွားသူတွေမှာ ကိုဖြိုးမင်းသူ (၁၇ နှစ်)၊ ဦးညို (၆၀ နှစ်) နဲ့ ဦးအောင်သိန်း (၇၅ နှစ်) တို့ဖြစ်ကြပြီး အသက် ၁၄ နှစ်အရွယ် ကလေးတယောက် အပါအဝင် နောက်ထပ် အမျိုးသမီး ၄ ‌ယောက်နဲ့ အမျိုးသားတယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ အမ်းမြို့အခြေစိုက် နပခအနီးရှိ အမြောက်တပ်နဲ့ တိုင်းစစ်ဆေးရုံအနီးမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ အပြင်းအထန် ခုခံနေကြတယ်လို့ သိရပါတယ်။

အမ်းမြို့အခြေစိုက်ထားတဲ့ နပခဌာနချုပ်နဲ့ အမ်းမြို့အခြေစိုက် တပ်ရင်းတွေကို အာရက္ခတပ်တော်က အောက်တိုဘာလဆန်းကတည်းက တိုက်ခိုက်နေတာဖြစ်ပြီး အမ်းမြို့မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားဟာလည်း ရပ်တန့်သွားပြီ ဖြစ်ပါတယ်။

အမ်းမြို့ခံ အမျိုးသားတယောက်က “အမ်းမြို့မှာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားက လုံးဝကို ပျက်သွားပြီ။ စစ်တပ်လောက်ပဲ ရှိတော့တယ်။ ဌာနဆိုင်ရာဝန်ထမ်းတွေကတော့ စစ်ကောင်စီက ကာကွယ်မပေးနိုင်တာကြောင့် အောက်တိုဘာ ၁၀ ရက်လောက်ကတည်းက တစစ ထွက်နေကြတာ အခု ရုံးတွေအားလုံး ပိတ်လိုက်ရပြီ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်က အမ်းမြို့၊ မောင်တောမြို့နဲ့ ဂွမြို့နယ်တို့မှာ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေနဲ့ အရပ်သားကျေးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်လာနေတာ ဖြစ်ပါတယ်။

အမ်းမြို့မှာ စစ်ကောင်စီရဲ့ နပခ(ဌာနချုပ်)၊ ခမရ ၃၇၃၊ ခမရ ၃၇၂၊ ခမရ ၃၇၁၊ GE၊ BE၊ အမြောက်တပ်နဲ့ စရဖတပ်တို့ အခြေစိုက်ထားတာ ဖြစ်ပါတယ်။

အမ်းမြို့အဝင်မှာရှိတဲ့ စစ်ကောင်စီ ခမရ ၃၇၃ တပ်ရင်းကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောကြပေမဲ့ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် နှစ်ဖက်လုံး ထုတ်ပြန်တာ မရှိသေးတာကြောင့် DVB အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အမ်းမြို့အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး မြို့တွင်းမှာလည်း စစ်ဘေးတိမ်းရှောင်ခြင်း မရှိသေးတဲ့ မြို့ခံ ထောင်နဲ့ချီရှိနေပြီး လုံခြုံရေးနဲ့ စားဝတ်နေရေးအတွက် ခက်ခဲနေကြတယ်လို့ နောက်ထပ် အမ်းမြို့ခံတယောက်က ပြောပါတယ်။

“မြို့တွင်းမှာ စစ်ဘေးမတိမ်းရှောင်နိုင်သေးတဲ့ အရပ်သားတွေ ထောင်နဲ့ချီ ရှိနေသေးတယ်။ အဓိကတော့ ငွေကြေးမတတ်နိုင်သူတွေ များကြတယ်။ အမ်းမြို့မှာက စစ်ကောင်စီတပ်တွေက များတာကြောင့် တော်တော်လေးကို သတိထားပြီး ထွက်နေကြရတာ။ မြို့ထဲမှာ ပိတ်ကျန်ခဲ့သူတွေ အဓိက စိုးရိမ်ရတာက လုံခြုံရေးပဲ။ စစ်ကောင်စီက သူတို့ ရှုံးလာရင် စစ်ဘက်နဲ့ အရပ်သားလို့ ခွဲခြားနေတော့တာ မဟုတ်ဘူး။ နောက် ဆေးဝါးနဲ့ စားနပ်ရိက္ခာ ပြတ်တောက်မှုတွေ ဖြစ်နေကြပြီလို့ သိရတယ်။”

အမ်းမြို့ရှိ စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်နဲ့ တပ်စခန်းတွေကို အာရက္ခတပ်တော်က ပြီးခဲ့တဲ့ မတ်လကတည်းက ဝန်ရံပိတ်ဆို့ထားတာဖြစ်ပြီး အမ်း-ပဒါန်းလမ်းကနေ ပြည်သူတွေအတွက် ရိက္ခာပို့ဆောင်တဲ့ယာဉ်တွေ စိစစ်ပြီး ခွင့်ပြုခဲ့ပေမဲ့ မြို့တွင်းတိုက်ပွဲ ဖြစ်ပွားပြီးနောက် ရိက္ခာပို့ဆောင်မှု ရပ်တန့်သွားတာ ဖြစ်ပါတယ်။

ရခိုင်တိုက်ပွဲ ၁၀ လကျော်အတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၁ ခုအထိ သိမ်းပိုက်ထားပြီး အမ်း၊ မောင်တောနဲ့ ဂွမြို့နယ်တို့မှာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013