Home
မြန်မာသတင်း
ထိုင်းကုန်တိုက်တွင် ပစ်ခတ်မှုလုပ်မည့် ဖေ့စ်ဘွတ်ခ်ပို့စ်ကြောင့် မြန်မာလူငယ် ဖမ်းဆီးခံရ 
DVB
·
October 22, 2024

ထိုင်းအရှေ့မြောက်ပိုင်း ခွန်ကဲင်ခရိုင်၊ ခွန်ကဲင်မြို့ရှိ စင်ထရယ်လ်ကုန်တိုက်ကြီးထဲ သေနတ်ကျည်ဆန် အတောင့် ၅၀ ကုန်အောင်ပစ်ပြီး လူ ၂၀ ပစ်သတ်မယ်လို့ ဖေ့စ်ဘွတ်ခ်အကောင့်တခုကနေ ခြိမ်းခြောက်ခဲ့တဲ့စာကြောင့် အကောင့်ပိုင်ရှင် မြန်မာရွှေ့ပြောင်းလုပ်သားလူငယ်တယောက် အဖမ်းခံထားရ ပါတယ်။

အောက်တိုဘာ ၁၇ ရက်က ခွန်ကဲန်ဒေသရင်ဖွင့်ရာလို့ အဓိပ္ပာယ်ရတဲ့ ဂရုပ်ဖ်ထဲမှာ  အဆိုပါဖေ့စ်ဘွတ်ခ်ပိုင်ရှင်က “ထိုင်းကိုရောက်လာတာ ၆ လရှိပြီ၊ ငါဘာတွေကြုံခဲ့ရသလဲဆိုတာ မင်းတို့ဘယ်သိမလဲ၊ ပိုက်ဆံစုပြီး သေနတ်တလက်ဝယ်လိုက်ပြီ၊ ကျည်ဆန်အတောင့် ၅၀ ကုန်အောင်ပစ်မယ်၊ လူအယောက် ၂၀ ပစ်သတ်မယ်၊ နောက်မိနစ် ၃၀ ခွန်ကဲင်စင်ထရယ်မှာတွေ့မယ်၊ ဘယ်သူက ကံကောင်းပြီး သေဘေးကလွတ်မလဲဆိုတာ စောင့်ကြည့်” ဆိုပြီး ပြီးခဲ့တဲ့ ရေးထားပါတယ်။

သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာလည်း “ဘတ် ၆၀၀၀ အလိမ်ခံရတာကို ၂ နေရာ တိုင်ထားတာ၊ ဘယ်နေရာမှအရေးမယူပေးဘူး”  စတဲ့ စကားလုံးတွေ ရေးသားထားတာပါ။ 

အဆိုပါပို့စ်ကြောင့် အဲဒီနေ့က ခွန်ကဲင်တမြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တယ်၊  စင်ထရယ်လ်ထဲ မှာ စောစောစီးစီး ဆိုင်ပိတ်ကြတယ်။  စစ်တပ်၊ ရဲ နဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဝန်ထမ်းအင်အား ၂၀၀ ကျော်ဟာ လက်နက်အပြည့်အစုံနဲ့ စင်ထရယ်လ်မှာ သွားပြီး လုံခြုံရေးယူကြတယ်၊ မသင်္ကာသူတွေ၊ မသင်္ကာတဲ့နေရာတွေ စစ်ဆေးတယ်၊ တညလုံး စောင့်ခိုင်းခဲ့ကြပေမဲ့ အကြမ်းဖက်မှု တစုံတရာမရှိခဲ့ပါဘူး။ 

ဒါပေမဲ့ အများပြည်သူ ထိတ်လန့်အောင်၊ ဈေးဆိုင်တွေ ဝင်ငွေထိခိုက်အောင်၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အချိန်ပုပ် အလုပ်ရှုပ်အောင်လုပ်တဲ့ အဆိုပါပို့စ်ပိုင်ရှင်ကို မိအောင်ဖမ်းပြီး ပြင်းပြင်းထန်ထန်အရေးယူဖို့ ခရိုင်ဝန်က အမိန့်ထုတ်ခဲ့ပါတယ်။ 

အဲဒီနောက် ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်ကို လိုက်လံစစ်ဆေးရာမှာ ပထုန်ဌာနီခရိုင် လမ်လုကာမြို့ရှိ ဆောက်လုပ်ရေးအလုပ်သမားတွေနေတဲ့ တန်းလျားက အသက် ၂၀ ကျော်အရွယ် လူငယ်တယောက်ကို အောက်တိုဘာ ၁၈ ရက်မှာ တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်ပါတယ်။ 

ဒါပေမဲ့ အဲဒီလူငယ်ကို ဘာမှ စစ်ဆေးမေးမြန်းလို့မရကြောင်း၊  သူ ရေးတာမဟုတ်ဘူး၊ ထိုင်းစာလည်း မရေးတတ်ဘူးလို့ ငြင်းဆိုခဲ့တယ်၊  ဖေ့စ်ဘွတ်ခ်တင်တဲ့ IP Address ကို စုံစမ်းရာမှာတော့ ကမ္ဘောဒီးယားနိုင်ငံ  ဘွိုင်းပက်မြို့ကို ပြနေတယ်၊ ဒါကြောင့်  မြန်မာလူငယ်ရဲ့ ဖေ့စ်ဘွတ်ခ်ဟာ အဟက်ခံထားရတာ ဖြစ်နိုင်ပြီး အဲဒီစာတွေကိုလည်း ကမ္ဘောဒီးယားရှိ ဟက်ကာတွေက ရေးသားတာ ဖြစ်နိုင်တယ်လို့ ခွန်ကဲန်ခရိုင်ရဲမှူးကြီး ယုဒ်ဆဝပ် ကယောက်ဆိပ် ထယနစ်က ပြောပါတယ်။

အဆိုပါမြန်မာလူငယ်မှာ ဖေ့စ်ဘွတ်ခ် အဟက်ခံရပေမဲ့ ထိုင်းမှာ နေထိုင်ခွင့်အထောက်အထား တစုံတရာမရှိလို့   တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ အရေးယူထားပြီး  နေရပ်ပြန်ပို့မယ်လို့ ရဲမှူးကြီးက ပြောပါတယ်။ 

ဖေ့စ်ဘွတ်ခ်ဟက်ကာတွေကိုတော့ ဆက်လက်စုံစမ်းအရေးယူသွားမယ်လို့ ဆိုပါတယ်။ 

Source:  MGROnline / Khaosod news

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013